By Maung Dagon/MPA
တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံရှိ စစ်ကောင်စီ ခေါင်းဆောင်နှင့် မိမိကိုယ်ကို ယာယီသမ္မတ အဖြစ် ခံယူထားသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် တန်းတူထိုင်သည့် အနေအထားဖြင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၄ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
၂၀၂၁ခုနှစ် ဖေဖော်၀ါရီ တစ်ရက်တွင် ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအခါ နိုင်ငံ၏ အမြင့်ဆုံးရာထူးများဖြစ်သည့် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော် ၀န်ကြီးချုပ် စသည့် ရာထူးများကို ရယူထားသည်ဟု ကြေညာထားသူဖြစ်သည်။
သို့သော် ယခု တရုတ်နိုင်ငံခြားရေး၀န်ကြီးနှင့် တွေ့ဆုံမှုတွင်မူ နိုင်ငံတော် အင်္ဂါစဥ်အရ ၎င်းခံယူထားသည့် ရာထူးအောက် ဖြစ်နေသူနှင့် တန်းတူထိုင်၍ တွေ့ဆုံခဲ့ရသည်နှင့် ပတ်သက်ပြီး ဝေဖန်မှုများရှိနေသည်။
” ဒါက ရှေးဘုရင်တွေ လက်ထက်မှာဆို အင်ပါယာ ဧကရာဇ်က လွှတ်လိုက်တဲ့ သူကို ဒေသ ဘုရင်ခံက တွေ့ရင်တောင် သံတမန်က အောက်မှာပဲ ထိုင်ခဲ့ရတာ၊ ပဏ္ဍာဆက် နိုင်ငံ အဆင့်တောင် မပေးဘူးဆိုတဲ့ သဘောပါပဲ၊ သံတမန်က ဘုရင်ဆိုတဲ့ကောင်နဲ့ တန်းတူထိုင်နေတာလေ” ဟု ရန်ကုန်မြို့မှ အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံစဉ်က သမ္မတ၏ အရှေ့တွင်သာ ထိုင်ခဲ့ရပြီး နိုင်ငံတော် အင်္ဂါစဉ်အရလည်း ထိုသို့သာ သံတမန်များ နေရာယူထိုင်လေ့ရှိခြင်းလည်းဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင်သည် စစ်အာဏာသိမ်းပြီးနောက် ယာယီသမ္မတ ရာထူး မခံယူမီကပင် သမ္မတ အိမ်တော်၌ နေထိုင်ခြင်း၊ ရှေးဘုရင်များကဲ့သို့ ဆင်ဖြူပိုင်ကြောင်း လုပ်ဆောင်ပြခြင်း စသည့် ဘုရင်တစ်ပါးကဲ့သို့ နေထိုင်လိုစိတ် အား အစဉ်တစ်စိုက် ပြသခဲ့ဖူးသည်ကို တွေ့ရပြီး နိုင်ငံအချို့မှ သံတမန်များ၊ တာဝန်ရှိသူများ လာတွေ့ပါကလည်း သမ္မတ တစ်ဦးသဖွယ် တွေ့ဆုံလေ့ရှိခဲ့သူဖြစ်သည်။
“ သမ္မတဦးဝင်းမြင့်တုန်းကတောင် တန်းတူထိုင်ခွင့်မရှိတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင်နဲ့တွေ့တဲ့အခါတန်းတူထိုင်တယ်လေ၊ အဲ့ဒါဘာကိုပြလဲဆိုတော့ မင်းဘယ်လောက်ရာထူးတွေ ယူထားယူထား ငါတို့ကတော့ အသိအမှတ်မပြုဘူးဆိုတာနဲ့ အတူတူပဲ” ဟု မဲဆောက်မြို့နေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယိသည် သမ္မတ ဦး၀င်းမြင့်နှင့်တွေ့ခဲ့စဥ်က ရိုသေမှု ရှိရှိ ပုံစံပြခဲ့သော်လည်း စစ်ခေါင်းဆောင်ကိုမူ မျက်နှာထား တင်းမာစွာဖြင့် ပြောဆိုနေခဲ့သည်ကိုလည်း ရုပ်သံ ထုတ်လွှင့်မှုများတွင် တွေ့ရသည်။
ယခုကဲ့သို့ အဆင့်နှိမ့် တွေ့ဆုံခြင်းကို မြင်တွေ့ခဲ့ရသော်လည်း အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သည်ဟု ကြွေးကြော်ထားကြသည့် စစ်တပ်ထောက်ခံသူများမှာ မည်သို့မျှ တုန့်ပြန်ခြင်းမရှိဘဲ စစ်ခေါင်းဆောင် နှင့် တရုတ်နိုင်ငံခြားရေး၀န်ကြီး တွေ့ခွင့်ရခြင်းကိုပင် ဂုဏ်ယူသည့် သဖွယ် ရေးသားဖော်ပြလျက်ရှိကြောင်း တွေ့ရသည်။
ယနေ့ တွေ့ဆုံမှုအား စစ်ကောင်စီ ထိန်းချုပ်ထားသော နိုင်ငံပိုင် မီဒီယာများက တရုတ်နိုင်ငံခြားရေး ၀န်ကြီးသည် ရှမ်းမြောက်တိုက်ပွဲ ဖော်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆန့်ကျင်သည်ဟု ပြောကြောင်းလည်း ကြေညာ သွားခဲ့သည်။