By Maung Dagon/MPA
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြုတ်ချခံရပြီး တပ်တွင်း အာဏာသိမ်းမှုဖြစ်သည်ဆိုသည့် သတင်းသည်မဟုတ်မှန်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ဝါဒဖြန့် မီဒီယာများသို့ ယနေ့(ဩဂုတ် ၁၄ရက်) တွင် ဖြေကြားထားသည်။
” နိုင်ငံတော်အကြီးအကဲနှင့် တာ၀န်ရှိသူများ အနေဖြင့် နိုင်ငံ့တာ၀န်များကို တက်ညီလက်ညီ ကျေပွန်စွာ ထမ်းဆောင် ရွက်လျက်ရှိပါကြောင်း အသိပေးပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်တွင်း အာဏာသိမ်းမှု မဖြစ်ကြောင်း ငြင်းဆိုထားသည်။
၂၀၂၄ခုနှစ် ဩဂုတ် ၁၃ရက်တွင် CDM စစ်သားတစ်ဦးဖြစ်သည့် ဗိုလ်ကြီးဇင်ယော်က စစ်ကောင်စီတပ်တွင်း၌ အချင်းချင်း အာဏာပြန်သိမ်းမှုဖြစ်နေကြောင်း ၎င်း၏ လူမှုကွန်ယက် အကောင့်၌ ရေးသားခဲ့ခြင်းဖြစ်သည်။
၎င်း၏ အဆိုအရ ဗိုလ်ချုပ်ကြီး ညိုစော၏ ခိုင်းစေချက်ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက စစ်ကောင်စီ ခေါင်းဆောင်ကို ဖြုတ်ချ ဖမ်းဆီးခြင်းဖြစ်သည်ဟု တွေ့ရသည်။
အဆိုပါ သတင်းစကားအား ၂၀၀၅ ခုနှစ်တွင် စစ်တပ်မှ ထွက်ပြီးနောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဖြစ်လာသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း အတည်ပြုထားခဲ့ပြီး ပြည်သူများအကြား ပျံ့နှံ့ခဲ့သည်။
သို့သော် ယနေ့ တွင်မူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က စစ်ကောင်စီတပ်၏ တန်ပြန် စိတ်ဓာတ်စစ်ဆင်ရေးတစ်ခု ဖြစ်သွားခဲ့ပြီး သတင်းမှားခဲ့သည်ဟု ၎င်း၏ လူမှုကွန်ယက် အကောင့်၌ ၀န်ခံထားသည်။
” အာဏာသိမ်းကိစ္စ ဗက ဇင်ယော်ကို ဦးတည်ပြီး တန်ပြန် စိတ်ဓာတ် စစ်ဆင်ရေး ထိုးနှက်ချက်အဖြစ် သတင်းတုနဲ့ လွှင့်ထုတ်ခဲ့တာ ဖြစ်နိုင်ပေမယ့် တစ်ရက်အတွင်း ကျတော်တို့ ရရှိခဲ့တဲ့ အကျိုးအမြတ်များစွာ ရှိထားခဲ့တယ်” ဟု ရေးသားထားသည်။
အဆိုပါ တပ်တွင်း အာဏာသိမ်းမှု သတင်း ပျံ့လာချိန်သည် ရွှေစျေး သိန်း ၇၀ ၀န်းကျင်၊ ဒေါ်လာစျေး ကျပ် ၆၀၀၀ ကျော် ဖြစ်လာချိန်၊ စက်သုံးဆီပြတ်လပ်နေမှု ဆိုးဆိုးရွားရွား ဖြစ်နေချိန်နှင့် တိုက်ဆိုင်နေခဲ့သည်ကို တွေ့ရသည်။
” ထင်ပါတယ်။ DSA ရဲ့ ရိုက်သွင်းခဲ့တဲ့ စိတ်ထားကိုက အထက်အောက် မလှန်ရဲတဲ့ ေ-ွးလို သစ္စာရှိဖို့ သင်ပေးထားပြီးသား၊ နိုင်ငံအပေါ်သာ သစ္စာမရှိတာ၊ အထက်အရာရှိ DSA အချင်းချင်းဆို သိပ်ချစ်တဲ့ ကောင်တွေပါ” ဟု စစ်ကောင်စီ အရာရှိများနှင့် ခင်မင်ရင်းနှီးခဲ့ဖူးသူ တစ်ဦးက ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယိ နေပြည်တော်သို့ ယနေ့လာမည်ဖြစ်ရာ ယခု ပြန့်ခဲ့သည့် အာဏာသိမ်း ဖြစ်စဥ်မှာ အမှန်တကယ် ဖြစ်ခဲ့ဖွယ်ရှိပြီး တန်ပြန်အာဏာသိမ်းသည့် အဖွဲ့က စစ်ခေါင်းဆောင်ကို ထိန်းသိမ်းကာ တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ အပြောင်းအလဲ လုပ်ဆောင်ရန် ဖိအားပေးထားခြင်းမျိုး ဖြစ်နိုင်ကြောင်း ယူဆမှုများလည်း ရှိသည်။
” ၂၀၀၈ ခြေဥ အရ မင်းအောင်လှိုင်ကို ဖြုတ်ရင် ဒါကြီးပျက်ပြီ၊ ဒီခြေဥက တပ်အသိုင်းအ၀ိုင်းမှာ အရေးပါနေတုန်းပဲ၊ သူတို့မဖျက်သိမ်းရဲဘူး။ ဒီတော့ ခြေဥကို ကိုင် အပြောင်းအလဲ လုပ်ဖို့ဆို နောက်က သေနတ်နဲ့ ချိန်ထားပြီး အများရှေ့ နှုတ်ထွက်ခိုင်းတာ ဒါမှမဟုတ် သူ့အမိန့်နဲ့ အပြောင်းအလဲ လုပ်တာမျိုးလည်း ဖြစ်နိုင်တာပေါ့” ဟု ရန်ကုန်မြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက သူ၏ အမြင်ကိုပြောသည်။
တပ်တွင်း အာဏာသိမ်းမှု သတင်းပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူအများအနေဖြင့် တရုတ် နိုင်ငံခြားရေး၀န်ကြီး ဝမ်ယိ လာရောက်ပြီးနောက် မည်သို့သော အပြောင်းအလဲ ဖြစ်လာမည်ဆိုသည်ကို စိတ်၀င်စားမှု မြင့်တက်လျက် ရှိနေသည်။