ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီက အကြမ်းဖက်မှုနှိမ်နှင်းရေးဟု ခေါင်းစဉ်တပ်ကာ ရုရှားထံက စစ်ရေးအကူအညီတောင်းခံခဲ့သည်။
ရုရှားသတင်းဌာန Sputnik နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ဦးခင်ရီက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ရုရှားက အသိအမှတ်ပြုပြီး အကြမ်းဖက်မှုကို တိုက်ခိုက်ရာတွင် ပါဝင်ကူညီပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ အကြမ်းဖက်မှုကို တိုက်ခိုက်ရာမှာ ကျွန်တော်တို့နဲ့အတူ ရုရှားပါဝင်ကူညီပေးစေလိုပါတယ်။ ဒီလို လုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့အခြေအနေဟာ ပြည်တွင်းနိုင်ငံရေး အငြင်းပွားမှုမဟုတ်ဘဲ အကြမ်းဖက်မှု ဖြစ်တယ်လို့ ကျွန်တော်တို့ ပထမဆုံးမှတ်ယူရမှာ ဖြစ်ပါတယ်။ ဒါကို အကြမ်းဖက်မှုအဖြစ် အသိအမှတ်ပြုတယ်ဆိုရင် ရုရှား အေဂျင်စီတွေ၊ ဌာနတွေအနေနဲ့ အကြမ်းဖက်မှုကို တိုက်ခိုက်ရာမှာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်နိုင်ပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေအောင်မြင်အောင် အတူတကွ လုပ်ဆောင်နိုင်ပါတယ်” ဟု ဦးခင်ရီက အင်တာဗျူးမှာဖြေကြားခဲ့သည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးဖြစ်နိုင်ခြေရှိသည့် လုံခြုံရေးအစီအစဉ်များအားလုံး သေချာလုပ်ဆောင်လိုကြောင်း လဝက ဝန်ကြီးဟောင်း တစ်ဦးဖြစ်သူ ဦးခင်ရီက ပြောသည်။
စစ်ကောင်စီတပ်များသည် နိုင်ငံတစ်ဝန်း တိုက်ပွဲတိုင်းလိုလိုရှုံးနိမ့်နေပြီး နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးထားရချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရုရှားထံ စစ်ရေးအကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်။
ပြည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနယ်ပယ်တွင် ၎င်းတို့၏ လက်တွဲဖော် ယူနိုက်တက်ရုရှားပါတီနှင့် အနီးကပ်လက်တွဲဆောင်ရွက်လိုကြောင်း အင်တာဗျူးမှာထည့်သွင်းဖြေကြားခဲ့သည်။