စစ်ကောင်စီက ဆင့်ခေါ်ထားသော စစ်မှုထမ်း ပထမအသုတ် ၅၀၀၀ သည် ယခုလကုန်၌ စတင်တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်ကြောင်း AFP ကဖော်ပြသည်။
ဧပြီလ အစောပိုင်းကစတင်ခဲ့သော စစ်မှုထမ်းပထမအသုတ် တပ်သားသစ်များသည် ဇွန်လကုန်တွင် လေ့ကျင့်မှုပြီးဆုံးမည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက AFP သို့ ပြောသည်။
“သင်တန်းဆင်းပြီးရင် စစ်မှုထမ်း ၅၀၀၀ ကို တာဝန်ထမ်းဆောင်ဖို့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ မတူညီတဲ့ စစ်ဘက်ဆိုင်ရာဌာတွေကို ပေးပို့သွားပါမယ်။ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ အသေးစိတ်ပြော ထားတာတော့ မရှိသေးဘူး” ဟု ၎င်းသတင်းရင်းမြစ်က ဆိုသည်။
တတိယအသုတ်အတွက် တပ်သားသစ် ၅၀၀၀ သည်လည်း လေ့ကျင့်ရေးကျောင်းများသို့ စတင်ရောက်ရှိနေပြီဟု အခြားသတင်းရင်းမြစ်က ဆိုသည်။
စစ်မှုထမ်းရန် ဆင့်ခေါ်စာကို လျစ်လျူရှုပါက ထောင်ဒဏ်ချမှတ်နိုင်ပြီး သောင်းနှင့်ချီသော လူငယ် အမျိုးသား၊ အမျိုးသမီး များသည် ဥပဒေကို ပြဋ္ဌာန်းပြီးကတည်းက နိုင်ငံတွင်းမှ ထွက်ခွာခဲ့ကြသည်။
ရန်ကုန်နှင့် အခြားမြို့များတွင် စစ်တပ်က လူငယ်များကို စစ်သင်တန်းတက်ရန် လမ်းမများပေါ်မှ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးအားလုံးကို စစ်တပ်တွင် အနည်းဆုံး ၂ နှစ် တာဝန်ထမ်းရမည် ဖြစ်သည်။