မွန်ပြည်နယ်၊ ကျိုက်မရောထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ များကို ထောင်အာဏာပိုင်တို့က ရိုက်နှက်ခဲ့ရာ ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကျိုက်မရောထောင်မှ ပြောင်းရွှေ့ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်တို့သည်ဇွန်လ ၁၅ ရက်နေ့ နေ့ခင်း ၁၂နာရီခန့်တွင် ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ပါလာ သည့် အသုံးအဆောင်ပစ္စည်းနှင့်အစားအသောက်များကို ထောင်အာဏာပိုင်တို့က သိမ်းယူထားသည့် အတွက် ပြန်ပေးရန် ဝိုင်းဝန်းတောင်းဆိုကြရာ ထောင်ဝန်ထမ်းတို့က ယနေ့ညဦးပိုင်း၌ ဆဲဆိုအော် ဟစ်ကာ သေနတ်လေးချက်ပစ်ဖောက်၍ ရိုက်နှက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအ ကျဉ်း သားများ ကွန်ရက်ထံက သိရသည်။
” အရိုက်ခံရတာက ည ခုနှစ်နာရီ ၁၅မိနစ်လောက်ဗျ။ အမျိုးသမီးဝန်ထမ်းတွေက ရိုက်တဲ့အချိန်မှာ ဘေးကနေ ရပ်ကြည့်နေကြတယ်။ အမျိုးသားတွေက ရိုက်နှက်တယ် ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် ၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ ပြောသည်။
ရိုက်နှက်ခံရသည့် နိုင်ငံရေးအကျဉ်းသူ ၅ဦးထက်မနည်းမှာ ဦးခေါင်းထိခိုက် ပေါက်ပြဲဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး ဒိုက်ဦးထောင်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
” အကျဉ်းထောင်တွေမှာ ဆေးဝါးမလုံလောက်လို့ လူသေဆုံးမှုတွေရှိတဲ့ထောင်ထဲမှာ ဒိုက်ဦးထောင်လည်းပါတယ်။ ဒီလိုထောင်မှာ အပြင်းအထန်ဒဏ်ရာရရှိတာဖြစ်တဲ့အတွက် စိုးရိမ်တယ်။ နောက်ပြီး ရိုက်နှက်ခံရတဲ့အထဲက တခြားနိုင်ကျဉ်းအမျိုးသမီးတွေကိုလည်း တိုက်ပိတ်ထားတယ် ” ဟု ၎င်းကပြောသည်။
ဇွန်လ ၁၅ ရက်၊ နံနက်နှစ်နာရီခွဲခန့်တွင် ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို အာဏာပိုင်တို့က ခေါ်ထုတ်ကာ သာယာဝတီထောင်နှင့် ဒိုက်ဦးထောင်သို့ ပို့ဆောင်ခဲ့သည်။
အကျဉ်းထောင်များတွင် ထောင်အာဏာပိုင်များက လူမဆန်သောလုပ်ရပ်များကို ကျုးလွန်နေကြပြီး နိုင်ငံရေးအကျဉ်းသား ၊ အကျဉ်းသူများအား ရည်ရွယ်ချက်ရှိရှိ နှိပ်စက်နေကြောင်း ကိုသိုက်ထွန်းဦးကပြောသည်။
အကျဉ်းထောင်တွင်း ဥပဒေမဲ့လုပ်ရပ်များ ရပ်တန့်ရန်အတွက် နိုင်ငံရေးအကျဉ်းသူများနှင့်အတူ တစ်သားတည်းရပ်တည်ကာ ကျယ်ကျယ်လောင်လောင် အသံထွက်ပေးကြရန် မေတ္တာရပ်ခံကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ဇွန်လ ၁၆ရက်တွင် ထုတ်ပြန်ထားသည်။