By Garcia Ni / MPA
ချင်းပြည်ကောင်စီ(Chinland Council)က ဇွန် ၉ရက် ရက်စွဲဖြင့် အဖွဲ့ဝင်အသစ်အဖြစ်ကြေညာလိုက်သော Kanpetlet Councilနှင့် Mindat Council(ယာယီ)တို့မှာ မြို့နယ်ပြည်သူလူထုအများစုကို ကိုယ်စားပြုခြင်းမရှိကြောင်း ကန်ပက်လက်မြို့နယ်ကောင်စီနှင့် Chin National Council(CNC-မင်းတပ်) တာဝန်ရှိသူများက ပြောသည်။
ချင်းပြည်ကောင်စီ(CC)အနေဖြင့် ချင်းလုံမြို့တွင် ဇွန် ၅ ရက မှ ၆ ရက်နေ့ အထိ ကျင်းပပြုလုပ်သော တတိယအကြိမ်ကောင်စီအစည်းအဝေးတွင် Zanniatram People’s Organization၊ Kanpetlet Council၊ Thado Councilနှင့် Mindat Council(ယာယီ)တို့ကို ချင်းပြည်ကောင်စီ အဖွဲ့ဝင်အသစ်အဖြစ် လက်ခံအတည်ပြုခဲ့ခြင်းဖြစ်သည်။
ကန်ပက်လက်မြို့နယ်တွင် တော်လှန်ရေးစတင်ချိန်မှစ၍ CDMerများ၊ မျိုးနွယ်စုခေါင်းဆောင်များ၊ သပိတ်ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများဖြင့် တော်လှန်ရေးအင်အားစုများကိုစုဖွဲ့၍ CDF(ကန်ပက်လက်)၊ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကန်ပက်လက်မြို့နယ်ကောင်စီတို့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုချင်းပြည်ကောင်စီတွင် အဖွဲ့ဝင်အသစ်အဖြစ်ပါဝင်သော Kanpetlet Councilမှာ မြို့နယ်လူထုနှင့်မျိုးနွယ်စုများ၏ အသိအမှတ်ပြုထားခြင်းမရှိကြောင်း ကန်ပက်လက်မြို့နယ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။
“ ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့လည်း သူတို့(Kanpetlet Council)က မသက်ဆိုင်ဘူး။ နောက်မျိုးနွယ်စုကိုယ်စားလှယ်တွေလည်း မဟုတ်ဘူး။ ပြောရရင်တော့ သူတို့ဟာသူတို့ CCမှာသွားပါပြီးတော့ ရာထူး(သို့မဟုတ်)နေရာတစ်ခုခု ရချင်လို့ ပါဝင်တဲ့သဘောပါ” ဟု ၎င်းက MPAကို ပြောသည်။
ကန်ပက်လက်မြို့နယ်ကောင်စီအနေဖြင့် မြို့နယ်ပအဖ၊ CDF(ကန်ပက်လက်)၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မျိုးနွယ်စုကိုယ်စားလှယ်များနှင့် ပါဝင်ထိုက်သူများပါဝင်သည့် ကန်ပက်လက်မြို့နယ် တော်လှန်ရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုသည်။
ထို့ပြင် Mindat Council(ယာယီ)သည်လည်း မင်းတပ်မြို့နယ်တိုက်နယ် ၄ နှင့် တိုက်နယ် ၁၁ ကိုကိုယ်စားပြု၍ ဒေသ-၁ ကောင်စီဟူ၍ ယခင်ကဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပြီး ယခုအချိန်တွင် Mindat Council(ယာယီ)ဟူ၍ ဖွဲ့စည်းလာခြင်းဖြစ်ကြောင်း၊ ချင်းအမျိုးသားကောင်စီ-မင်းတပ်(CNC)၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကဆိုသည်။
” တိုက်နယ် ၄ ကလည်း သုံးရွာလေးရွာလောက်ပါပဲ? တိုက်နယ် ၁၁ ကလည်း တစ်ရွာတည်းပါပဲ? ကျန်တာအကုန်လုံးကတော့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပဲ? ရှင်းရှင်းပြောရရင် ဒေသ ၁ ကောင်စီလို့ပြောတဲ့ရွာတွေကလည်းပဲ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကျောင်းတွေ၊ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရဲ့ ကျန်းမာရေးနဲ့ပဲ သွားနေတာပါ” ဟု ဆလိုင်းယောမာန်က ပြောသည်။
ချင်းပြည်ကောင်စီ(CC)အနေဖြင့် ချင်းပြည်ကောင်စီ၏အဖွဲ့ဝင်အဖြစ်ပူးပေါင်းရန် လျှောက်လွှာတင်သည့်အဖွဲ့အစည်းများကို ၎င်းတို့၏စံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အချိန်ကာလတစ်ခုကြာစိစစ်ပြီး လက်ခံအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ချင်းပြည်ကောင်စီ၏ အတွင်းရေးမှူး Salai Paulက ဆိုသည်။
“ အထူးသဖြင့် ချင်းလူမျိုးတွေဆိုလို့ရှိရင် လူဦးရေအားဖြင့်လည်းအရမ်းနည်းတယ်။ တော်လှန်ရေးကာလမှာ သဘောထားမတိုက်ဆိုင်မှုတွေလည်း များနေတဲ့အချိန်မှာ ချင်းလဲန်းကောင်စီမှာ ပါဝင်နိုင်ခြင်းမရှိတဲ့ တခြားအဖွဲ့အစည်းတွေကိုလည်း ပူးပေါင်းပြီးတော့မှ ချင်းပြည်အတွင်းမှာ အဘက်ဘက်ကနေလုပ်ဆောင်ဖို့လိုအပ်သေးတဲ့ စစ်ကောင်စီအမြစ်ပြတ်ကင်းစင်ချေမှုန်းရေးအပါအဝင် တခြားသော ချင်းလူမျိုးတွေအတွက် ချင်းပြည်တည်ဆောက်ဖို့၊ ချင်းလူမျိုးစည်းလုံးညီညွတ်ရေးတည်ဆောက်ဖို့ကဏ္ဍတွေ၊ တခြားတခြားသောကဏ္ဍတွေမှာလည်း ပူးပေါင်းလက်တွဲပြီးတော့မှ လုပ်ဆောင်နိုင်ဖို့ကိုမျှော်လင့်ပါတယ်။ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ကိုလည်း ရှေ့ဆက်ပြီးတော့မှ တွေ့ဆုံဆွေးနွေးနိုင်ဖို့လည်း ကြိုးစားနေပါတယ်” ဟု Salai Paulက ပြောသည်။
ချင်းပြည်ကောင်စီ(Chinland Council)ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၆ရက်၊ မွန်းလွဲ ၁နာရီ၂၇မိနစ်တွင် အတည်ပြုဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါချင်းပြည်ကောင်စီတွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ-မင်းတပ်(CNC/CDF – Mindat)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF)၊ ကန်ပက်လက်မြို့နယ်ကောင်စီ(CDF-Kanpetlet)နှင့် ချင်းကာကွယ်ရေးတပ်(မတူပီ) တပ်မဟာ ၁ စသည့် ချင်းညီနောင်အဖွဲ့များ ပါဝင်ခြင်းမရှိပေ။