10 Jun 2024 By Black Panda / MPA
ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီက စစ်သားသစ်စုဆောင်းရာ၌ စစ်မှုမထမ်းလိုသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုပိုက်ဆံပေးရပြီး ရရှိငွေ၏ ၈၀ ရာခိုင်နှုန်းကို စစ်တပ်သို့ ပေးရကြောင်း အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
“ ကျတော်တို့ ယူတယ်ထင်နေကြတာ၊ အထက်ကလူကြီးတွေကိုလည်းပေးရတယ်။ ဥပမာ တစ်သိန်းရရင် ခုနှစ်သောင်း၊ ရှစ်သောင်းလောက်ကို သူတို့(စစ်တပ်)ကိုပေးရတယ်” ဟု ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်မှုမထမ်းလိုသူများအနေဖြင့် စစ်မှုထမ်းစာရင်းတွင် မပါဝင်စေရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငွေကြေးကောက်ခံနေခြင်းဖြစ်သည်။
သာကေတမြို့နယ်ရှိ ရပ်ကွက်အချို့တွင် စစ်မှုမထမ်းလိုသူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပိုက်ဆံပေးပါက စာရင်းမပါဝင်ကြောင်း အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
” ပေါက်စျေးကတော့ သိန်းဂဏန်းရှိတယ်။ ကျမတို့နားကကောင်လေး တစ်ယောက် စစ်မှုထမ်းထဲပါတယ်။ သူတို့မိဘတွေက ပိုက်ဆံရှိတော့ ပိုက်ဆံနဲ့လိုက်တာ ၊ မပါသွားဘူး” ဟု အဆိုပါ အမျိုးသမီးကပြောသည်။
လှိုင်သာယာနေသူ အမျိုးသားတစ်ဦးကလည်း ” အခုက ရပ်ကွက်ထဲမှာ ပိုက်ဆံပေးနိုင်လား၊ မပေးနိုင်ရင် စစ်မှုထမ်းဆိုပြီးပြောနေကြတယ်” ဟု ပိုက်ဆံပေးနိုင်ပါက စစ်မှုထမ်းဥပဒေအား ခေတ္တရှောင်ရှား၍ ရကြောင်းကို ရှင်းပြသည်။
စစ်မှုမထမ်းချင်သူများ အနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ပေးရသည့် ငွေပမာဏသည် တစ်သိန်းမှ ငါးသိန်းဝန်းကျင်ဖြစ်ကြောင်း ရန်ကုန်မြို့နယ်အချို့မှ ပြည်သူများက MPAသို့ပြောသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၁၀ ရက်တွင် စတင်အသက်သွင်းခဲ့ခြင်းဖြစ်ပြီး ပထမအသုတ်နှင့် ဒုတိယအသုတ် စစ်သားသစ်ခေါ်ရာ၌ တစ်သောင်းခန့်ရှိပြီဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ စစ်သားသစ်ခေါ်ယူရာ၌ တတိယအသုတ်တွင် အမျိုးသမီးများပါပါဝင်နေသည်ဟု ပြည်သူများက ပြောကြားမှုများရှိနေသော်လည်း စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအား စစ်ကောင်စီ အသက်သွင်းပြီးနောက် လူငယ်အများအပြားသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်မှုများရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့ တရားဝင် သို့မဟုတ် ခိုးဝင်ကာ ထွက်ပြေးတိမ်းရှောင်မှုများလည်းရှိနေသည်။
ထို့ပြင် စစ်မှုထမ်းဥပဒေကြောင့် စစ်မှုမထမ်းလိုသည့် လူငယ်အချို့သည် အဆိပ်သောက်ခြင်း သို့မဟုတ် မိမိကိုယ်ကို အဆုံးစီရင်မှုများပြုလုပ်ခဲ့သည်မှာ ယနေ့ အချိန်ထိ ၁၅ဦးခန့်ရှိကြောင်း MPAမှ မှတ်တမ်းပြုစုထားသည့် စာရင်းများအရ သိရသည်။
စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် အပတ်စဉ်တစ်ခုလျှင် လူဦးရေ ၅၀၀၀ ခေါ်ယူမည်ဖြစ်ကာ၊ တစ်နှစ်လျှင် လူဦးရေ ၆၀၀၀၀ခန့် ခေါ်ယူမည်ဟု ကြေညာထားခြင်းဖြစ်သည်။