ရန်ကုန်မြို့၌ စစ်မှုထမ်းရန် မဲပေါက်ထားပြီး စစ်တပ်ထဲ မဝင်လိုသည့် လူငယ်များအား စစ်ကောင်စီက သတင်းပေးအဖြစ် ဆောင်ရွက်ခိုင်းနေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ ရန်ကုန်မြို့၌ စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်များမှာ ငွေကြေးပေး၍ ရှောင်လွှဲမှုများ ပြုလုပ်နိုင်ကြောင်း သိရပြီး ပေါက်စျေးမှာ သိန်းငါးဆယ် ၀န်းကျင်တွင် ရှိနေသည်ဟု သိရသည်။
” အဆင့်ဆင့် ပေးရတာမျိုးနဲ့ ငါးဆယ်လောက်တော့ ကုန်မယ်။ မဲပေါက်ထားတယ်ဆို ပိုကုန်တယ်။ အခုက မဲနှိုက်ရမဲ့စာရင်းထဲ ပါလာရင် ကျတဲ့စျေးနှုန်း” ဟု အဆိုပါ အခြေအနေအား ကျော်ဖြတ်လာခဲ့သည့် အသက် ၃၀ကျော်အရွယ် ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါ ငွေကြေးအား မပေးနိုင်သည့် လူငယ်များထဲမှ အချို့သည် မဲပေါက်ထားသော်လည်း စစ်မှုထမ်းရခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်ပွန်းတတီး နေလာသည့် ဖြစ်စဥ်များရှိကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
” လမ်းထဲက ကောင်လေး မဲပေါက်ပြီး မသွားရဘူး။ အင်ဖော်မာလိုလို ဖြစ်သွားတယ်။ အုပ်ကြီးတို့နဲ့ တပူးပူး ဖြစ်သွားတယ်” ဟု တောင်ဒဂုံမြို့နယ်မှ မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကမူ ထိုသို့ ခိုင်းစေခြင်းမျိုးမရှိဘဲ ငွေပေးပြီး ညှိနှိုင်းရခြင်းမျိုးသာ ရှိကြောင်းလည်း ပြောသည်။
သို့သော် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် မြို့နယ်အချို့၌ မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်များနှင့် အလုပ်မရှိသည့် လူငယ်များအား ပစ်မှတ်ထားကာ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးသည့် ဖြစ်စဥ်များ ရှိထားပြီး ၎င်းတို့အနက် အချို့မှာ ရဲသတင်းပေး ဖြစ်လာသူများ ရှိသည်ဟု သိရသည်။
” ဆေးရောင်းတဲ့ သူတွေက လူစုံတော့ သတင်းစုံတယ်။ ရဲတွေက သူတို့ကို လိုက်စိ(ဖမ်း)တယ်။ ပြီးရင် ညှိတယ် ပြန်လွှတ်တယ်။ ဒီလိုနဲ့ အင်ဖော်မာဖြစ်လာတယ်။ ဒါအရင်ထဲကပါပဲ၊ အခုက ပိုလုပ်လို့ကောင်းတာပေါ့” ဟု တာမွေမြို့နယ်၊ ယုဇနပလာဇာ အနီး နေထိုင်သည့် လူငယ်တစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လူငယ်များအား ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်မှုထမ်းစေခြင်းကို ပြုလုပ်လာခဲ့ရာ လူငယ်အများအပြား ပြည်ပသို့ ထွက်ခွာခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များထံ ၀င်ရောက်ခြင်းများ ဖြစ်လာခဲ့သည်။
ထိုသို့ မဟုတ်သူများမှာ ငွေကြေးပေး၍ ဆက်လက်နေထိုင်နေရသူများ ရှိပြီး မဲမပေါက်သေးသူများမှ အလှည့်မကျမီ စစ်ကောင်စီ တပ်ထဲ ၀င်ရောက်မည့် အရေးမှ တိမ်းရှောင်နိုင်မည့် အခြေအနေအား ကြိုးစားရှာလျှက် ရှိကြောင်းလည်း သိရသည်။