စစ်ကိုင်းတိုင်း ၊ မုံရွာအကျဥ်းထောင်တွင် ဖမ်းဆီးထိန်းခြင်းခံထားရသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ထောင်ဒဏ် နှစ်၂ဝ ထပ်မံ ချမှတ်ခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောသည်။
၂၀၂၄ခုနှစ်၊ မေ ၁၀ရက်၊ နေ့လယ်ပိုင်းတွင် ကိုဝေမိုးနိုင် အပါအဝင် ခြောက်ဦးကို စစ်ကောင်စီက မုံရွာထောင် တရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
” ထောင်တွင်း တရားရုံးမှာဘဲ အမိန့်ချမှတ်ခဲ့တာပါ၊ ကိုဝေမိုးနိုင်အပါအဝင် ခြောက်ဦးပါ၊ မုံရွာစက်မှုဇုန်ထဲမှာ ရဲနှစ်ယောက်ကို သတ်တဲ့ကိစ္စနဲ့ ထောင်ဒဏ် နှစ် ၂ဝချမှတ်ခဲ့တယ်။ သူတို့ ခြောက်ဦးရယ် ကျန်တဲ့ မတရားဖမ်းဆီးခံထားရတဲ့ အယောက် ၃၀ကျော်ရယ်ပါ ” ဟု ကိုရှင်းသန့်က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့ကို တားစီးသူမှန်သမျှကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်နေသဖြင့် တော်လှန်ရေးတွင် စည်းစည်းလုံးလုံးဖြင့် တော်လှန်ပြီး အောင်မြင်မှသာ အကျဉ်းထောင်အတွင်းရှိ ဖမ်းဆီးခံထားရသူများ အိမ်ပြန်နိုင်မည်ဟု ကိုရှင်းသန့်က ရှင်းပြသည်။
“ ဒီကနေ့ ကိုဝေမိုးနိုင်အပါအဝင် သူ့ရဲ့အမှုတွဲ ခြောက်ဦးကို ထောင်ဒဏ်အမိန့်ချလိုက်တာက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၂) / ၁၄၉ အရ ထောင်ဒဏ် နှစ် ၂၀ သီးခြားစီကျခံစေဖို့ အမိန့်ချလိုက်တာဖြစ်ပါတယ်” ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ကိုဝေမိုင်းနိုင်သည် ၂၀၂၁ခုနှစ်၊ ဧပြီ ၁၅ရက်က သပိတ်အင်အားစုများနှင့်အတူ ဆိုင်ကယ်ဖြင့် သပိတ်စစ်ကြောင်း ထွက်လာစဉ် မုံရွာမြို့၊ သာစည်လမ်း၌ စစ်ကောင်စီက ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့နောက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေကို ဖောက်ဖျက်မှု၊ ရုန်းရင်းဆန်ခတ်မှု၊ လူစုလူဝေးမှာ ပါဝင်ပြီး သေစေနိုင်သည့် လက်နက်ကိုင်စွဲမှု စသည့်အပါအဝင် အခြားအမှုများဖြင့် တရားစွဲဆိုထားပြီး စုစုပေါင်း ထောင်ဒဏ် ၇၄နှစ်အထိ ချမှတ်ခံထားရသူဖြစ်သည်။