မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံအကျဉ်းထောင်၌ ထောင်ဝန်ထမ်းများ ရိုက်နှက်မှုကြောင့် သေဆုံးသွားသည့် အသက် ၂၀ကျော်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ရောဂါကြောင့် သေဆုံးခဲ့ခြင်းသာဖြစ်သည်ဟု ထောင်အာဏာပိုင်များက လိမ်ညာပြောဆိုနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့(ဧပြီ ၆ရက်)တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ် ၁၂ရက်က ကိုနိုင်ဝင်း(ခ)ဖားပြုပ်နှင့် အခြားအကျဉ်းသားနှစ်ဦးတို့ ခိုက်ရန်ဖြစ်ပွားပြီးနောက် ထောင်ဦးစီးမှူး ဝင်းနိုင်စိုးနှင့် အခြားထောင်ဝန်ထမ်းများက ကိုနိုင်ဝင်းကို ရိုက်နှက်ကာ တိုက်ပိတ်ခဲ့ကြောင်း PPNM မှဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“ အခြားအကျဉ်းသားနှစ်ယောက်က တိုက်တစ်ခု၊ ကိုနိုင်ဝင်းကတော့ တစ်ယောက်ထဲ တိုက်ပိတ်ခံရတယ်။ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကိုလည်း ဆေးကုသပေးတာမရှိဘူး။ တိုက်ပိတ်ခံရပြီး နောက်၅ရက်အကြာ(မတ် ၁၇ရက်)မှာ သေသွားတယ်” ဟို ကိုသိုက်ထွန်းဦးကပြောသည်။
ထိုကဲ့သို့ သေဆုံးသွားခြင်းသည် ကိုနိုင်ဝင်း၌ ကျောက်ကပ်ရောဂါနှင့် နှလုံးရောဂါအခံကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အကျဉ်းထောင်ဝန်ထမ်းများက ထောင်တွင်း၌ သတင်းဖြန့်ဝေခဲ့ပြီး အလောင်းကို အခြားအကျဉ်းသားများအား ပြသမှုမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ ရောဂါရှိတဲ့လူက ထောင်ဆေးရုံတွေတောင်မတက်ရဘဲ တိုက်ထဲမှာဆုံးသွားတာ၊ သူတို့ရိုက်နှက်တာကို ပေါ်လွင်မှာစိုးလို့ ရောဂါကိုလွှဲချတာ” ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။
ထောင်ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည့် ကိုနိုင်ဝင်းသည် အကြမ်းဖက်ပုဒ်မများဖြင့် ထောင်ဒဏ်နှစ် ၂၀ အမိန့်ချခံထားရသူဖြစ်ပြီး ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်း၌ အင်းစိန်ထောင်မှ မြင်းခြံထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသူဖြစ်ကြောင်း PPNMက ထုတ်ပြန်ထားသည်။
“ လူငယ်တစ်ယောက်အတွက် ကျောက်ကပ်၊ နှလုံးရောဂါနဲ့သေတယ်ဆိုတာ ဖြစ်နိုင်ချေနည်းပါတယ်။ ရိုကက်နှက် နှိပ်စက်ခံရချိန်မှာ ဦးခေါင်းနဲ့ ကျောရိုးမ ထိခိုက်ဒဏ်ရာ၊ ဝမ်းဗိုက်ဒဏ်ရာတွေကြောင့် သွေးထွက်လွန်ဒဏ်ရာတွေရရင် သေဆုံးနိုင်တယ်” ဟု CDM ဆရာဝန် ဒေါက်တာယုကီက မှတ်ချက်ပြုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုများပြားလာရခြင်းသည် ထောင်အာဏာပိုင်များကို အရေးယူမှုကင်းလွန်နေခြင်းကြောင့် ပိုမိုစိုးရွားလာခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကပြောသည်။
“ အရေးယူမခံရတော့ ထောင်အာဏာပိုင်တွေကို သားသတ်လိုင်စင်သက်တမ်းတိုးပေးနေသလိုဖြစ်နေတာ၊ ဒါမျိုးတွေ ဆက်မဖြစ်အောင် NUGအနေနဲ့ ဟန့်တားနိုင်ဖို့လိုတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး ထောင်ထဲမှာ ထောင်အာဏာပိုင်တွေ အကြမ်းဖက်နှိပ်ကွတ်နေတာတွေကို ထိထိရောက်ရောက်အရေးယူ နိုင်ဖို့လိုတယ်” ဟု ဦးထွန်းကြည်က သုံးသပ်ပြောသည်။
ပြီးခဲ့သည့် မတ် ၁၇ရက်တွင်လည်း ထားဝယ်အကျဉ်းထောင်၌ အကျဉ်းကျနေသည့် ကိုမင်းသူနှင့် ကိုဝင်းသီဟတို့အား စစ်ဆေးစရာရှိသည်ဟုဆိုကာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က ထောင်ပြင်သို့ခေါ်ထုတ်ပြီး စစ်ဆေးနေချိန် ထွက်ပြေးသည်ဟု အကြောင်းပြချက်ဖြင့် ၎င်းတို့နှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သေးသည်။