မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်ရှိ အကျဉ်းသားများကို အကျဉ်းထောင်ဝန်ထမ်းများက ဖိနှိပ်မှုများပြုလုပ်နေသဖြင့် အကျဉ်းသားများ၏ စားသောက်ရေးနှင့် ကျန်းမာရေအခြေအနေများ ဆိုးရွားလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်)တွင် ထုတ်ပြန်ထားသည်။
မြင်းခြံအကျဉ်းထောင်အတွင်း အကျဉ်းကျနေသည့် အသက် ၆၀ အရွယ် နိုင်ငံရေးအကျဉ်းသူများကိုပင် အလုပ်မလုပ်ဘဲမနေရဟုဆိုကာ အလုပ်ကြမ်းများ အတင်းအဓမ္မခိုင်းစေခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။
” အသက် ၆၀ကျော်အရွယ် နိုင်ကျဉ်း အမျိုးသမီးတွေကို တောင်ယာလုပ်ခိုင်းတာမျိုးတွေ၊ ချည်ထိုးခိုင်းတာမျိုးတွေ လုပ်ခိုင်းတယ်။ ချည်ထိုးတယ်ဆိုတာကလည်း မျက်လုံးနဲ့ သေချာအားစိုက်ပြီး လုပ်ရတဲ့အတွက် ခက်ခဲနေတယ်။ သူတို့ ခိုင်းတဲ့အတိုင်း တစ်နေကုန် လုပ်ရတယ်။ အမေအရွယ်တွေပါ မချန်ဘဲ လုပ်ခိုင်းနေတယ် ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုများကို ၂၀၂၃ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ် ရဲဘက်စခန်းမှ မြင်းခြံအကျဥ်းထောင်သို့ ထောင်ပြောင်းဖြင့် ရောက်ရှိလာသည့် ၂ပွင့်အရာရှိဝန်ထမ်းဒေါ်ဇင်မာဦး၊ ၁ ပွင့်အရာရှိဒေါ်မေစိုးအေး နှင့် တပ်ကြပ် ဒေါ်နုနုမာတို့မှ ဦးဆောင်ပြုလုပ်နေခြင်းဖြစ်သည်။
” အဓိကကတော့ နိုင်ကျဉ်းအမျိုးသမီးတွေဆိုရင် နေရာမပေးတာပါ၊ အခြား ရာဇဝတ်သားတွေကို စည်းကမ်းထိန်းသိမ်းရေးလို နေရာမျိုးတွေမှာထားတယ်။ အကျဉ်းစီးကနေ နိုင်ကျဉ်းတွေကို ဖိနှိပ်ချင်တဲ့အခါ သူတို့ ကိုယ်တိုင် မပြောဘဲ သူတို့ခန့်ထားတဲ့ သူတွေကတစ်ဆင့် လုပ်ခိုင်းတယ်။ အဲဒီမှာ ဆဲဆိုတာတွေ ဖိနှိပ်တာတွေ ဖြစ်နေပါတယ် “ ဟု မြင်းခြံအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုလက်ရှိ မြင်းခြံ အကျဉ်းထောင်တွင် သောက်သုံးရေများတွင် ခဲဓာတ် ပါဝင်မှုများခြင်း၊ ချိုးရေမလုံလောက်ခြင်းများကြောင့် အကျဉ်းသား၊ အကျဉ်းသူအားလုံး ဝမ်းရောဂါနှင့် ပွေးဝဲရောဂါများလည်း ဖြစ်ပွားနေသည်။
” ခဲဓာတ်ပါဝင်မှုနှုန်းက ဘယ်လောက်အထိ များလဲဆိုရင် ၊ ကျတော်တို့ မြင်းခြံထောင်မှာ ကျတုန်းက ရေသန့်စက် ကိုယ့်ဘာကိုယ်စုပြီး တပ်ကြတာပေါ့၊ ရေသန့်စက်ထဲက ကျောက်ခဲတွေဆိုရင် ခဲအရောင်ပြောင်းနေတဲ့အထိကို ဖြစ်နေပါတယ် ” ဟု မြင်းခြံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
သောက်သုံးရေများတွင် ခဲဓာတ် ပါဝင်မှု ပမာဏများပြားပါက ဦးနှောက်နှင့် ကျောက်ကပ်ပျက်စီးမှုများဖြစ်ကာ အသက်သေဆုံးနိုင်သည်အထိ ဆိုးရွားလာနိုင်ကြောင်း ဆရာဝန်တစ်ဦးက ပြောသည်။
” သောက်ရေထဲမှာ ခဲဓာတ်များတာက ဦးနှောက်နဲ့ ကျောက်ကပ်ကို ပျက်စီးစေနိုင်တယ်၊ ခဲဓာတ်ပါဝင်မှုများလေ ပိုဆိုးလေပဲ၊ ခဲဓာတ်ပါလို့ ရေကို ကျိုချက်သောက်လို့လည်း မရပြန်ဘူး။ အဲဒါက ပိုဆိုးတယ်၊ ခဲဓာတ်ကြောင့်ဆို ကျန်တဲ့သူတွေပါ တစ်ပြိုင်နက်တည်း ဖြစ်ကုန်လိမ့်မယ် ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် မြင်းခြံထောင်တွင် ထောင်ဒဏ် ၆နှစ်ကျခံရခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် ကျန်းမာရေးကောင်းသဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်သို့ ရွှေ့ပြောင်းပြီးနောက် ကုသမှုများပြုလုပ်နေစဉ် ကျောက်ကပ်ပျက်စီးမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်တွင် သေဆုံးခဲ့ရသည်။
ယင်းအပြင် မြင်းခြံအကျဉ်းထောင်၌ သောက်သုံးရေအဆင်မပြေမှုများသာမက အကျဉ်းသားများကို ကျွေးသည့် အစားသောက်များသည် ဆိုးရွားလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
” တစ်ပတ်ကို ဟင်း လေးတုံးပဲ ပေးတယ်။ လေးတုံးဆိုပေမဲ့ ကြက်သားဆိုရင် လည်ချောင်းရိုးတွေ၊ ခြေထောက်တွေ တောင်ပံတွေပဲ ကျွေးတာ များတယ်။ အဲဒါကလည်း လုံးဝ လောက်ငှမှု မရှိဘူး။ တစ်ခါတစ်ခါကြရင် အညှီနံ့တွေ၊ သိုးနံ့တွေ လည်းပါတယ်။ တချို့တွေ မစားနိုင်ကြဘူး။ အဲဒီတော့ ကြက်သွန်နီကနေ ခရမ်းချဉ်သီးအဆုံး ဝယ်နေရပြီး ကိုယ့်စရိတ်နဲ့ကိုယ် ထောင်ကျနေသလို ဖြစ်နေပါတယ် “ ဟု မြင်းခြံအကျဥ်းထောင်သို့ ထောင်ဝင်စာပေးပို့နေသူတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းသား၊ အကျဉ်းသူများကို ဖိနှိပ်မှုများရှိနေသဖြင့် နိုင်ငံရေးအကျဉ်းသားများသည် အစာငတ်ခံဆန္ဒပြမှုများပြုလုပ်ပြီး လိုအပ်ချက်များကို တောင်းဆိုလျက်ရှိသည်။
ထိုကဲ့သို့ တောင်းဆိုမှုများအနက် ဖေဖော်ဝါရီ ပထမပတ်အတွင်း မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများသည် လူ့အခွင့်အရေးနှင့်အညီဆောင်ရွက်ရေးနှင့်ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ အလွယ်တကူ ရရှိရေးများအပါအဝင် စုံစမ်း မေးမြန်းစဉ်ကာလ၊ အပြစ်ပေးအရေးယူခြင်းကာလတို့တွင် တရားလက်လွန်ဆောင်ရွက်ခြင်း မဖြစ်ပေါ်စေရေးတို့ကို အကျဉ်းဦးစီးဌာနသို့ ဖေဖော်ဝါရီ ၆ရက်မှစတင်ပြီး အစာငတ်ခံဆန္ဒပြခဲ့ကြရာ ယမန်နေ့ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် အကျဉ်းဦးစီးဌာနမှ လိုက်လျောပေးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။