အဂတိလိုက်စားသဖြင့် ဖမ်းဆီးခံထားရသည့် စစ်ခေါင်းဆောင်၏ ညာလက်ရုံးဟောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန် နောင်စိုးတို့အား၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ကြောင်း၊ စစ်ကောင်စီက ထုတ်ပြန်သော်လည်း အရပ်ဘက် ထောင်သို့ မပို့ဟု MPA က စုံစမ်းသိရှိရသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံပိုင် ရုပ်သံက ယနေ့(အောက်တိုဘာ ၁၀ရက်)၊ ည ၈နာရီ သတင်း၌ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန် နောင်စိုးတို့အား၊ စစ်တရားရုံးဖြင့် ထောင်ဒဏ် နှစ် နှစ်ဆယ်နှင့် ညီမျှသော တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ချမှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။

သို့သော် အဂတိ လိုက်စားထားပြီး ပြစ်ဒဏ် မချဟု ဝေဖန်မှုများ ရှိနေ၍သာ ယင်းသို့ ပြစ်ဒဏ် အချ ပြခြင်း ဖြစ်ကာ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြုမူသကဲ့သို့ ၊အရပ်ဘက်ထောင်သို့ ပို့ဆောင်ခြင်းကိုမူ မပြုလုပ်ထားကြောင်း MPA ၏ တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။
” ဒီကိစ္စကို စရဖ ညွှန်ချုပ်အသစ် အောင်ဇော်လင်းတို့ ကိုင်နေတာ။ အခုက မိုးမြင့်ထွန်းတို့ကိုကျ အဂတိလိုက်စားလည်း ထောင်မချဘူးဆိုပြီး အသံတွေ ထွက်နေလို့ ကာချုပ်စီ တင်ပြတော့ ချလိုက်ကွာဆိုလို့ အခုလို ထုတ်ပြန်လိုက်တာပါ။” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ဆက်လက်ပြီး ၄င်းက ” ဒီလို အကောင်ကြီးတွေကိုကျ အရပ်ဘက်ထောင် မပို့ဘူး။ တပ်တွင်းထောင်တွေရှိတယ်။ သေချာတာက အရပ်ဘက်ထောင်တော့ ပို့မှာမဟုတ်ဘူး။ တပ်တွင်းထောင်မဟုတ်ရင် သူတို့ ရဲ့ Save Zone ထဲမှာဘဲ ထားမှာ” ဟု ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် လုပ်ပိုင်ခွင့် ရာထူးများ ရှိခဲ့စဥ်က စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ဆိုင်ရာမူဝါဒ၊ အရေးကြီး ကုန်စည်ဆိုင်ရာ မူဝါဒနှင့် အခြား စီးပွားရေး ဆိုင်ရာ မူဝါဒများအား ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေး အကျိုးအမြတ် ရယူကာ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။
ယင်းမှာ စစ်ကောင်စီ၏ ရှေ့ဆက်လုပ်မည့် မူဝါဒများနှင့် သွေဖယ်ဆောင်ရွက်ခြင်း ဖြစ်သဖြင့် သစ္စာဖောက်မှု၊ ကျူးလွန်ခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။
ထို့ပြင် စားအုန်ဆီ တင်သွင်းသည့် ကိစ္စတွင်လည်း၊ စစ်ကောင်စီ သတ်မှတ်သည့် စျေးနှုန်းထက် စျေးတင်ရောင်းချ မှုများကို အရေးယူရန် ပျက်ကွက်ခြင်း၊ ပါဝင်ပတ်သတ်ခြင်း၊ ရာထူးလုပ်ပိုင်ခွင့်ကို အသုံးချ၍ ကုမ္ပဏီ များကပေးသည့် တံစိုးလက်ဆောင်များ ရယူခြင်း၊ နိုင်ငံခြားငွေကြေးများ တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဖောက်၍ အရပ်ဘက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ ကို ကျူးလွန်သဖြင့် စစ်တရားရုံးဖြင့် ထောင်ဒဏ် အနှစ်နှစ်ဆယ်နှင့် ညီမျှသည့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။
အလားတူ ဗိုလ်မှူးချုပ်ရန်နောင်စိုးသည် ဒုတိယဗိုလ်ချုပ် ကြီးမိုးမြင့်ထွန်းနှင့်အတူပူးပေါင်း၍ လုပ်ပိုင်ခွင့်အား အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လဲလှယ်ပေးခဲ့ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လက်ခံရယူခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင် လက်ဝယ် ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့်၊ ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။