ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို စစ်တပ်က စစ်ကားဖြင့်တိုက်ဖမ်းချိန်က သတင်းရယူခဲ့သည့် Myanmar Pressphoto Agency (MPA) မှ သတင်းထောက် မှူးရတနာခက်မို့မို့ထွန်းကို အကြမ်းဖက်စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀- ညဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်း ၎င်း၏ ရှေ့နေထံမှ သိရသည်။
Myanmar Pressphoto Agency (MPA) မှ သတင်းထောက်တစ်ဦးဖြစ်သူ ဒေါ်မှူးရတနာခက်မို့မို့ထွန်းသည် ကနဦးတွင် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် MPA သတင်းထောက် ဒေါ်မှူးရတနာခက်မို့မို့ထွန်းနှင့် ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းတို့ ရောက်ရှိသတင်း ရယူနေစဉ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်အချို့က ကားနှင့်တိုက်ကာ ဖမ်းဆီးသဖြင့် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတွင် ရက်အတော်ကြာ ဆေးကုသမှုခံယူခဲ့ရသည်။
MPA သတင်းဌာန၏ သတင်းထောက် ဒေါ်မှူးရတနာခက်မို့မို့ထွန်းသည် ကားနှင့်တိုက်ဖမ်းဆီးခံရသည့်ဒဏ်ရာများကြောင့် ကြည့်မြင့်တိုင်ရဲစခန်း၌ ဆေးကုသမှုခံယူခဲ့ရပြီး ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်တွင် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရကြောင်း ၎င်း၏ရှေ့နေဖြစ်သူက ပြောဆိုသည်။
ဒေါ်မှူးရတနာခက်မို့မို့ထွန်းသည် ကားနှင့်တိုက်ဖမ်းဆီးခံရသဖြင့် လက်၊ခြေထောက်နှင့် မျက်နှာတစ်ခြမ်း ပြင်းထန်ဒဏ်ရာရှိထားပြီး ယခင်က ဝှီးချဲဖြင့်သွားလာခဲ့ရာမှ လက်ရှိတွင် ချိုင်းထောက်ဖြင့်သွားလာနိုင်သည့်အနေအထားရှိနေကြောင်း မိသားစုများထံမှသိရသည်။
Myanmar Pressphoto Agency (MPA) သတင်းထောက် ဒေါ်မှူးရတနာခက်မို့မို့ထွန်းနှင့် ကိုကောင်းဆက်လင်းတို့ကို အများပြည်သူအကျိုးပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ – ၅၀၅(က) ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံး၌ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့သည်။