Photo – Reuters
By MPA (နိုင်ငံတကာသတင်း )
မြောက်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းကစတင်၍ ကိုဗစ်ရောဂါကူးစက်မှု တွေ့ရှိပြီး ကူးစက်ပျံ့နှံ့မှု မြင့်တက် လာကြောင်း အာဏာပိုင်များက ကြေညာခဲ့ပြီးနောက် လက်ရှိတွင် နိုင်ငံအတွင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိလာခဲ့ပြီဟု အစီရင်ခံစာတစ်ခုက ဖော်ပြသည်။
ကိုဗစ်ရောဂါ စတင်မတွေ့ရှိခင် အချိန်က မြောက်ကိုရီးယားနိုင်ငံတွင် အဖျားရောဂါကြောင့် လူ ၂၇ ဦးသေဆုံးခဲ့ပြီး လက်ရှိတွင် ကိုဗစ်ကြောင့် သေဆုံးသူ လူ ၂၁ ဦးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။
ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်ကစ၍ ၂ နှစ်ကျော်ကာလအတွင်း မြောက်ကိုရီးယားနိုင်ငံတွင် အဖျားရောဂါများသာ ဖြစ်ပွားခဲ့ပြီး ကိုဗစ်ရောဂါ ကူးစက်မှုမရှိခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အခိုင်အမာဆိုခဲ့သည်။
သို့သော် ဧပြီလနှောင်းပိုင်းမှစတင်၍ လက်ရှိအချိန်ထိ ကိုဗစ်ကူးစက်မှုကြောင့် နိုင်ငံအတွင်း ကျန်းမာရေးအတွက် ကမောက်ကမ ဖြစ်ပေါ်နေရပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဘက်က ဝန်ခံစကားဆိုလာခဲ့ခြင်းဖြစ်သည်။
ထိုကြောင့် လက်ရှိအခြေအနေကို ကျော်လွှားရန်အတွက် နိုင်ငံအတွင်းရှိလူအားလုံး အလုံးစုံတိုက်ပွဲရဝင်မည်ဟု ၎င်းက ယနေ့ မေလ ၁၄ ရက်နေ့တွင် တောင်းဆိုခဲ့သည်။
ထို့သို့တောင်းဆိုခဲ့သော်လည်း နိုင်ငံအတွင်း ယခုအချိန်ထိ ထိရောက်သည့် ကာကွယ်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် လှုပ်ရှားမှုမျိုး မတွေ့မြင်ရသေးကြောင်း ရိုက်တာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရှိရသည်။
“ဆိုးဆိုးရွားရွား ကပ်ရောဂါပျံ့နှံ့မှုသည် နိုင်ငံစတင်တည်ထောင်ချိန်မှစ၍ ကျွန်ုပ်တို့နိုင်ငံအပေါ် ကြီးစွာသော မငြိမ်မသက်မှု တစ်ခု ဖြစ်သည်”ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြသည်။
ထို့အပြင် လက်ရှိဖြစ်ပွားနေသည့် ကပ်ရောဂါကို ကျော်လွှားရန်အတွက် အကောင်းဆုံးသည် စည်းလုံးညီညွတ်မှုဖြစ်ပြီး ပါတီနှင့် ပြည်သူအကြား စုစုစည်းစည်း တိုက်ပွဲဝင် တွန်းလှန်သွားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်းခဲ့သည်။
ကပ်ရောဂါကို တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံအပြင် အခြားအဆင့်မြင့်နိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာသင်ယူရန်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နှိုးဆော်ထားသည်။
ကိုဗစ်ရောဂါကြောင့် သေဆုံးသူ အသစ် ရှိ၊မရှိကို လက်ရှိအချိန်ထိ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြထားခြင်း မရှိသေးပေ။
သို့သော် သေဆုံးသူများတွင် အိုမီခရိုမျိုးကွဲကြောင့် သေဆုံးသူတစ်ဦးပါဝင်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ယမန်နေ့က အသိပေးထားသည်။
လက်ရှိတွင် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆ သန်းကျော်ရှိနေပြီဖြစ်ကြောင်း လေ့လာရေး အဖွဲ့များ၏ အစီရင်ခံစာများအရ သိရှိရသည်။