By France 24
ပါကစ္စတန်နှင့် ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှမီးယားနယ်မြေအတွင်းရှိ သတ်မှတ်ထားသည့် နေရာ ၉ ခုထက်မနည်းကို ဒုံးကျည်များဖြင့် ယနေ့တိုက်ခိုက်လိုက်ကြောင်း အိန္ဒိယက ထုတ်ပြန်ထားသည်။
အိန္ဒိယက Operation Sindoor ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို ယမန်နေ့က စတင်လိုက်ပြီးနောက် ၃ ဦးထက်မနည်း သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိကြောင်း ကနဦး စစ်ဆေးချက်အရ ပါကစ္စတန်က ထုတ်ပြန်ထားသည်။
အိန္ဒိယအစိုးရက ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှမီးယားနယ်မြေရှိ အကြမ်းဖက်စခန်းများကို တိကျစွာ တိုက်ခိုက်ကြောင်းနှင့် နေရာ ၉ခုကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားထားသည်။
ပါကစ္စတန်စစ်တပ်က ပါကစ္စတန်အုပ်ချုပ်သော ကက်ရှမီးယားနယ်မြေရှိ နှစ်နေရာနှင့် အိန္ဒိယနယ်စပ်အနီးရှိ နိုင်ငံ၏ လူဦးရေအများဆုံး ပြည်နယ်ဖြစ်သော ပန်ဂျပ်ပြည်နယ်ရှိ ဘဟာဝယ်လ်ပူမြို့ရှိ တစ်နေရာတို့ကို ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်အုပ်ချုပ်သော ကက်ရှမီးယားနှင့် ပန်ဂျပ်တို့တွင် ကျယ်လောင်သော ပေါက်ကွဲသံများထွက်ပေါ်ခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ အချိန်ရွေးပြီး လက်တုံ့ပြန်သွားမယ်” ဟု ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အာမက် ရှာရစ်ဖ် ချောင်ဒရီက ပြောကြားခဲ့ပြီး အိန္ဒိယ၏ တိုက်ခိုက်မှုများကို “ရက်စက်ကြမ်းကြုတ်သော ရန်စမှု” ဟု ခေါ်ဆိုခဲ့သည်။
ကုလသမဂ္ဂက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် လာရှ်ကာ-အီ-တိုင်ဘာမှ စေလွှတ်ခဲ့သည်ဟု အိန္ဒိယက ပြောကြားခဲ့သော စစ်သွေးကြွများက ဧပြီ ၂၂ ရက်တွင် ကက်ရှမီးယားရှိ ခရီးသွားများကို တိုက်ခိုက်မှုအပေါ် အိန္ဒိယက စစ်ရေးအရ တုံ့ပြန်လိမ့်မည်ဟု သုံးသပ်ထားခဲ့ကြသည်။
အရပ်သားများ တိုက်ခိုက်ခံခဲ့ရမှုနှင့် ပတ်သက်၍ အိန္ဒိယအစိုးရက ပါကစ္စတန်ကို အပြစ်တင်ခဲ့ပြီးနောက် ပြင်းထန်သော ခြိမ်းခြောက်မှုများနှင့် သံတမန်ရေးအရ အပြန်အလှန် တုံ့ပြန်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ပါကစ္စတန်က စွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း ဧပြီ ၂၄ ရက်မှစတင်၍ ကက်ရှမီးယားရှိ လက်တွေ့နယ်စပ်ဖြစ်သော စစ်ရေးအရ အားဖြည့်ထားသည့် ထိန်းချုပ်မှုမျဉ်းတစ်လျှောက် ညစဉ် လက်နက်ငယ်ပစ်ခတ်မှုများ အပြန်အလှန် ပြုလုပ်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းက ပါကစ္စတန်နှင့် အိန္ဒိယတို့အကြား စစ်ဖြစ်ခြင်းမှ ရှောင်ရှားရန် တိုက်တွန်းထားသည်။
“တောင်အာရှမှာ ရေရှည်တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းမယ့် တာဝန်သိတဲ့ အဖြေတစ်ခုကို ရရှိဖို့ ပါကစ္စတန်နဲ့ အိန္ဒိယကို ဆက်လက်တိုက်တွန်းနေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီ ဘရုစ်က တိုက်ခိုက်မှုများ မဖြစ်ပွားမီ နာရီပိုင်းအလိုတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။