6 May 202 By AFP
ဆိုဗီယက်ပြည်ထောင်စုလက်ထက်က နာဇီများကို အောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် ရင်ပြင်နီတွင် ရုရှားက ကြီးကျယ်ခမ်းနားသော စစ်ရေးပြအခမ်းအနားကို မကျင်းပမီ သုံးရက်အလိုတွင် ယူကရိန်းက ဒရုန်း အများအပြား တိုက်ခိုက်မှုကြောင့် မော်စကိုမြို့အပါအဝင် ရုရှားလေဆိပ်များရှိ လေယာဉ်ခရီးစဉ်များကို ယနေ့ ကန့်သတ်ခဲ့ရသည်။
စစ်ရေးပြအခမ်းအနား၏ လုံခြုံရေးနှင့်ပတ်သက်၍ သံသယများ ပေါ်ပေါက်နေချိန်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒုတိယကမ္ဘာစစ်ကြီး အဆုံးသတ်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်ပွဲများနှင့် တိုက်ဆိုင်သည့် သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေးကို အမိန့်ပေးခဲ့သော်လည်း ယူကရိန်းက ယင်းကြေညာချက်ကို လှည့်စားမှုဟု ရှုတ်ချကာ စစ်ရေးပြပွဲအတွက်သာ အပစ်ရပ် ကြေညာခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် ခေါင်းဆောင် ၂၀ ခန့်သည် ရင်ပြင်နီစစ်ရေးပြပွဲသို့ တက်ရောက်ရန် မေလ ၇ ရက်တွင် မော်စကိုသို့ ရောက်ရှိရန် မျှော်လင့်ထားသည်။
ယူကရိန်းသည် ရုရှားမြို့တော်အပါအဝင်အခြားနေရာများကို မေလ ၅ ရက် ညပိုင်းက ဒရုန်း ၁၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သလို ယူကရိန်းကလည်း ရုရှားက ဒရုန်း ၁၃၆ စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ \
မော်စကိုမြို့တော်ဝန် ဆာဂေးဆိုဗျန်နင်က လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် ရုရှားမြို့တော်ပတ်ဝန်းကျင်တွင် ဒရုန်း ၁၉ စီးကို ပစ်ချခဲ့ပြီး အပျက်အစီးများသည် လူထိခိုက်ဒဏ်ရာမရရှိစေဘဲ အဓိကလမ်းမကြီးတစ်ခုပေါ်သို့ ကျရောက်ခဲ့သည်ဟု ပြောကြားခဲ့သည်။
မော်စကိုရှိ လေဆိပ်လေးခုအပါအဝင် လေဆိပ် ၁၂ ခုကျော်တွင် လေယာဉ်ခရီးစဉ် ကန့်သတ်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီများက ဖက်ဒရယ်လေကြောင်းပို့ဆောင်ရေးအေဂျင်စီကို ကိုးကား၍ ဖော်ပြခဲ့သော်လည်း မြို့၏ အဓိက Sheremetyevo လေဆိပ်တွင် လေယာဉ်ခရီးစဉ်များ အများအားဖြင့် ထိခိုက်မှုမရှိခဲ့ပေ။
ရုရှားမီဒီယာများက မော်စကိုမြို့တွင် ပစ်ခတ်ခံရမှုကြောင့် အက်ကွဲနေသော စူပါမားကတ် ပြတင်းပေါက်နှင့် မီးလောင်ထားသော လူနေအဆောက်အအုံ၏ မျက်နှာစာပုံရိပ်များကို ထုတ်လွှင့်ခဲ့သည်။
Volgograd နှင့် Nizhny Novgorod အပါအဝင် အခြားမြို့များရှိ လေဆိပ်များလည်း ထိခိုက်ခဲ့သည်။
Voronezh နှင့် Penza ပြည်နယ်ဝန်များက ၎င်းတို့၏ဒေသများတွင် ယူကရိန်းဒရုန်း ၁၈ စီးနှင့် ၁၀ စီးကို အသီးသီး ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း၊ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။