By BBC
အစ္စရေးနိုင်ငံ၏ လုံခြုံရေးကောင်စီက ဟားမက် အဖွဲ့ကို စစ်ရေးတိုးချဲ့တိုက်ခိုက်ရန် အတည်ပြုလိုက်ပြီး ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ကာ နယ်မြေ ထိန်းချုပ်မှုရရှိရန် ရည်ရွယ်ထားကြောင်း အစ္စရေး အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ယာဟူ ကလည်း ဟားမက် အဖွဲ့ ကို တိုက်ဖျက်ပြီး ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရသည့် ဓားစာခံများကိုကယ်ဆယ်ရန်နှင့် ဂါဇာရှိ လူဦးရေ ၂ ဒဿမ ၁ သန်းကို နေရာရွေ့ပြောင်း ကာကွယ်ပေးမည့် စစ်ဆင်ရေးတစ်ရပ်ကို အကောင်အထည်ဖော်ရန် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချခဲ့ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်အနေဖြင့် အစ္စရေးတပ်ဖွဲ့များထိုးစစ်ဆင် သိမ်းပိုက်မည့် နယ်မြေအတိုင်းအတာကို ဖွင့်ဟ ပြောဆိုခြင်းမရှိသော်လည်း ‘ဝင်ရောက်ပြီး နယ်မြေမှ ပြန်လည်ထွက်ခွာမည်မဟုတ်ကြောင်း” အသိပေးပြောကြားခဲ့သည်။
ထို့အပြင် လုံခြုံရေးကောင်စီက ပုဂ္ဂလိက ကုမ္ပဏီများမှတစ်ဆင့် အကူအညီများပေးပို့ရန် အစီအစဉ်ကိုလည်း မူအားဖြင့် အတည်ပြုခဲ့ပြီး နှစ်လတာ ပိတ်ဆို့မှုများကို ဖယ်ရှားလိုက်ခဲ့သည်။ ကုလသမဂ္ဂကလည်း အဆိုပါပိတ်ဆို့မှုများကြောင့် ဆိုးရွားသော အစာရေစာ ရှားပါးမှု ပြသနာများ ဖြစ်ပေါ်ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ကုလသမဂ္ဂနှင့် အခြား အကူအညီပေးရေးအဖွဲ့အစည်းများကမူ အစ္စရေး၏ အစီအစဉ်သည် အခြေခံ လူသားချင်းစာနာမှု စည်းမျဉ်းများကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟုဆိုတာ ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ဟားမက်၏ အရာရှိတစ်ဦးကလည်း အစ္စရေး၏ “ ဖိအားနှင့် ခြိမ်းခြောက်မှု” ကို လက်မခံကြောင်း ပြောကြားခဲ့သည်။
အစ္စရေး၏ စစ်ရေး တိုးချဲ့မည့် အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းလူမျိုးများထံ အစားအစာရောက်ရှိရေး ကူညီမည်ဖြစ်ကြောင်း ကတိပြုချက်ကိုသာ ထပ်လောင်းပြောကြားခဲ့သည်။
ဗြိတိန် အစိုးရကလည်း “ဂါဇာတွင် ထိုးစစ်အရှိန်မြှင့်မည့် အစ္စရေး၏ အစီအစဉ်ကို ထောက်ခံမည်မဟုတ်ကြောင်း” ထုတ်ပြန်ထားပြီး ဥရောပသမဂ္ဂကလည်း “ပါလက်စတိုင်းလူထုအတွက် သေကြေပျက်စီးမှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ထိုးစစ်ဆင်ခြင်းမပြုရန်” တိုက်တွန်းထားသည်။
အစ္စရေး၏ နှစ်လကြာ အပစ်အခတ်ရပ်စဲမှုမှာ မတ်လ (၁၈) နေ့က သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် လုံခြုံရေးကောင်စီက ဂါဇာကို ထိုးစစ်ဆင်ရေးအတွက် တနင်္ဂနွေနေ့ ညနေပိုင်း၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ဂါဇာကို ထိုးစစ်ဆင်၍ ဟားမက်အဖွဲ့ကို တိုက်ဖျက်ရေးနှင့် ဓားစာခံများ ကယ်ဆယ်ရေးအဆိုကို အစ္စရေးစစ်တပ်၏ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ‘အီရယ် ဇားမီးယား’ က တင်ပြခဲ့ပြီး အစိုးရ ဝန်ကြီးများက မဲပေးထောက်ခံ ခဲ့ကြကြောင်း အရာရှိတစ်ဦးက မီဒီယာများကို တနင်္လာနေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။
“အဆိုပါအစီအစဉ်တွင် ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ခြင်း၊ နယ်မြေများကို ထိန်းချုပ်ထားခြင်း၊ ဂါဇာရှိ ပြည်သူများ လုံခြုံရေးအတွက် တောင်ဘက်ပိုင်းသို့ ရွှေ့ပြောင်းခြင်း၊ ဟားမက် အဖွဲ့၏ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို တားဆီးခြင်း အပါအဝင် ဟားမက် အဖွဲ့ အပေါ် ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းတို့ ပါဝင်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။