By Mg Dagon / MPA
ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် လာမည့် မေလ ၉ ရက်နေ့၌ကျင်းပမည့် ရင်ပြင်နီချီတက်ပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပြင် ဇနီး ကြူကြူလှလည်း တက်ရောက်မည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
မကြာမီသွားရောက်တော့မည့် ထိုအခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်ခေါင်းဆောင်ကို ဖိတ်ကြားပြီး ကြူကြူလှကိုမူ ရုရှားဖက်ဒရယ်ကောင်စီ လွှတ်တော် ဥက္ကဋ္ဌ Mrs. Valentina Matvienko ၏ ဖိတ်ကြားချက်အရ တစ်ပါတည်းတက်ရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
စစ်ခေါင်းဆောင်သည် ဒုတိယကမ္ဘာစစ်ပြီးဆုံးမှုအထိမ်းအမှတ် ရင်ပြင်နီချီတက်ပွဲ နှစ် ၈၀ ပြည့်အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများတက်ရောက်ခြင်းအပြင် တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးမည်ဟု စစ်ကောင်စီက ပြောသည်။
စစ်ခေါင်းဆောင်၏ရုရှားခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းလုပ်ဆောင်မှု ခိုင်မာတိုးတက်လာအောင် လုပ်ဆောင်မည်ဟု စစ်ကောင်စီဘက်က ဝါဒဖြန့်သည်။
ထိုခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် ဒေါ်ကြူကြူလှတို့ တွေ့ဆုံဆွေးနွေးမည်ဟုဆိုထားသော်လည်း မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်ဆိုသည်ကို မပြောထားပေ။
“ရုရှားဆိုတာ မအလ အဓိက အားကိုးတဲ့နိုင်ငံလေ။ ဖိတ်ထားတာလည်း ပြီးခဲ့တဲ့ရုရှားခရီးစဉ်ကတည်းကဆိုတော့ သွားမယ်ဆိုတာ ကြိုသိပြီးသားလိုဖြစ်နေတာပေါ့။ ပြီးခဲ့တဲ့ခရီးစဉ်က မပြီးပြတ်တာမျိုးတွေ ဆက်လုပ်မှာမျိုးတော့ လုပ်နိုင်တယ်” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးက မှတ်ချက်ပေးပြောကြားသည်။
စစ်ခေါင်းဆောင်နှင့် ဇနီးတို့သွားတက်မည့် ရင်ပြည်နီချီတက်ပွဲသို့ တက်ရောက်လာမည့် ပြည်ပကိုယ်စားလှယ်အဖွဲ့များ၏ လုံခြုံရေးကို ရုရှား၏ ကျူးကျော်စစ်ပြုခြင်းခံထားရသည့် ယူကရိန်းနိုင်ငံအနေဖြင့် အာမခံမည်မဟုတ်ကြောင်း သမ္မတ ဇလန်းစကီး၏ ပြောကြားမှုကိုကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားသည်။
“ယူကရိန်းရဲ့လက်နက်ကြီးနဲ့ထိပြီး အနိစ္စရောက်သွားရင်လည်း ကျမတို့ပြည်သူတွေက အရမ်းဝမ်းမနည်းပါဘူး။ တစ်ခါတည်း အဲဒီမှာ နေလိုက်ရင်လည်း ကောင်းတာပေါ့” ဟု စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရင်ပြင်နီချီတက်ပွဲကို ကိုယ်တိုင်တက်ရောက်ရန် မတ်လ ၃ ရက်မှ ၉ ရက်နေ့အထိ သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင်၏ လေးကြိမ်မြောက် ရုရှားခရီးစဥ်အတွင်း ရုရှားသမ္မတ ပူတင်က ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုရုရှားခရီးစဉ်သည် စစ်ခေါင်းဆောင်အတွက် ငါးကြိမ်မြောက်ဖြစ်သည်။
ရင်ပြင်နီစစ်ရေးပြချီတက်ပွဲအတွက် စစ်ကောင်စီစစ်တပ်၏ ကြည်း၊ ရေ၊ လေ ကိုယ်စားပြု အင်အား ၇၀ နီးပါး ပါဝင်သည့် စစ်ကြောင်းလည်း ပါဝင်ချီတက်မည်ဖြစ်သည်။