5 May 2025 By AFP
ကက်ရှမီးယားဒေသတွင် ဖြစ်ပွားသည့်တိုက်ခိုက်မှုကြောင့် အိန္ဒိယနှင့် တင်းမာမှုများ မြင့်တက်လာချိန်တွင် ပါကစ္စတန်က ဒုံးကျည်စမ်းသပ်မှုတစ်ခုကို နှစ်ရက်အတွင်း ဒုတိယမြောက် ပြုလုပ်လိုက်သည်။
ယခုစမ်းသပ်သည့် ဒုံးကျည်သည် ကီလိုမီတာ ၁၂၀ (၇၅ မိုင်) အထိ ရောက်ရှိကြောင်း ပါကစ္စတန်စစ်တပ်က ယနေ့ ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်လက အိန္ဒိယပိုင် ကက်ရှမီးယားဒေသတွင် ခရီးသွားများ သေဆုံးခဲ့သည့် တိုက်ခိုက်မှုတစ်ခုကို ပါကစ္စတန်အစိုးရက ပံ့ပိုးပေးခဲ့သည်ဟု အိန္ဒိယအစိုးရက စွပ်စွဲခဲ့ပြီး အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှု ပြန်လည်မြင့်တက်ခဲ့သည်။
“ တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးဆိုင်ရာ အဆင်သင့်အနေအထားကို သေချာစေရန်နှင့် ဒုံးကျည်၏ အဆင့်မြင့် လမ်းညွှန်စနစ်နှင့် တိကျမှု မြှင့်တင်ခြင်းအပါအဝင် အဓိက နည်းပညာဆိုင်ရာ သတ်မှတ်ချက်များကို အတည်ပြုရန် ရည်ရွယ်၍ စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်သည်” ဟု ပါကစ္စတန်စစ်တပ်က ကြေညာချက်တွင် ဖော်ပြထားသည်။
မေလ ၃ ရက်နေ့ကလည်း ကီလိုမီတာ ၄၅၀ (မိုင် ၂၈၀) အကွာအဝေးရှိ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် တစ်စင်းကို စမ်းသပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သော်လည်း စမ်းသပ်မှု နှစ်ခုစလုံး မည်သည့်နေရာတွင် ပြုလုပ်ခဲ့ကြောင်း မဖော်ပြခဲ့ပေ။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က စစ်တပ်၏ နိုင်ငံတော်ကာကွယ်ရေးအတွက် အပြည့်အဝ အဆင်သင့်ဖြစ်မှုကို ကျေနပ်ကြောင်း ပြောကြားခဲ့သည်။
ဧပြီ ၂၂ ရက်က ပါဟာလ်ဂမ်တွင် လူ ၂၆ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှုနှင့်ပတ်သက်၍ တုံ့ပြန်ရန်အတွက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ၎င်း၏စစ်တပ်အား စစ်ရေး လွတ်လပ်ခွင့် အပြည့်အဝ ပေးထားသည်ဟု ပြောကြားပြီးနောက် ပါကစ္စတန်၏ ဒုံးကျည်လေ့ကျင့်ပစ်လွှတ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အရပ်သားများတိုက်ခိုက်ခံရမှုတွင် ပါကစ္စတန်က ပါဝင်ပတ်သက်မှုလုံးဝမရှိကြောင်း ငြင်းဆိုထားပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခုကို တောင်းဆိုထားသည်။
အိန္ဒိယက လေကြောင်းတိုက်ခိုက်မှု မကြာမီ ဖြစ်ပေါ်လာနိုင်ကြောင်း ပါကစ္စတန်အစိုးရက ပြီးခဲ့သည့်သီတင်းပတ်တွင် သတိပေးခဲ့ပြီး မည်သည့်ရန်လိုမှုမျိုးကိုမဆို အင်အားဖြင့် တုံ့ပြန်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
နှစ်နိုင်ငံစလုံးအနေဖြင့် တင်းမာမှုများ လျှော့ချရန် နိုင်ငံတကာက တောင်းဆိုထားသည်။
နှစ်ဖက်စလုံးက နယ်စပ်မျဉ်းအနီးတွင် စစ်ရေးအရ အင်အားအပြည့်အစုံဖြန့်ကျက်ထားပြီး တစ်ပတ်ကျော်ကြာ ညစဉ် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြကြောင်း အိန္ဒိယကာကွယ်ရေး သတင်းရင်းမြစ်များက ပြောကြားသည်။
လူဦးရေ ၁၅ သန်းခန့်ရှိသော မွတ်စလင်အများစုနေထိုင်သည့် ကက်ရှမီးယားဒေသကို ပါကစ္စတန်နှင့် အိန္ဒိယတို့က ခွဲဝေအုပ်ချုပ်ထားသော်လည်း နှစ်နိုင်ငံစလုံးက ဒေသတစ်ခုလုံးကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။
ပါကစ္စတန်ဘက်ခြမ်းတွင် ဘောလုံးကွင်းများ၌ အရေးပေါ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး၊ ဒေသခံများအား စားနပ်ရိက္ခာနှင့် ဆေးဝါးများ သိုလှောင်ထားရန် ပြောကြားထားကာ ဘာသာရေးကျောင်းများကို ပိတ်ထားခဲ့သည်။
အိန္ဒိယအုပ်ချုပ်မှုအောက်ရှိ ကက်ရှမီးယားတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သူများအား ပြင်းထန်စွာ ရှာဖွေနေပြီး နယ်စပ်တစ်လျှောက်နေထိုင်သူများသည် တိုက်ပွဲများ ဖြစ်ပွားမည်ကို ကြောက်ရွံ့သဖြင့် ပိုမိုဝေးကွာသောနေရာများသို့ ပြောင်းရွှေ့ခြင်း သို့မဟုတ် ခိုလှုံရန် မြေအောက်ခန်းများကို ပြင်ဆင်နေကြသည်။