By The Washington Post
အမေရိကန်အစိုးရ၏ Voice of America သတင်းဌာန ဝန်ထမ်းများ ယခုအခါ လုပ်ငန်းခွင်သို့ တရားဝင် ပြန်လည်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်းနှင့် လာမည့်သီတင်းပတ်မှစ၍ သတင်းတင်ဆက်မှုများကို ပြန်လည်စတင်နိုင်ပြီဟု အမေရိကန်တရားရေးဌာနက အီးမေးလ်ဖြင့် အကြောင်းကြားထားပြီဖြစ်ကြောင်း The Washington Post သတင်းဌာနက ဖော်ပြထားသည်။
VOA နှင့် Radio Free Europe/Radio Liberty၊ Radio Free Asia နှင့် Middle East Broadcasting Networks ကဲ့သို့သော သတင်းဌာနသို့ ဖက်ဒရယ်ရန်ပုံငွေများ ထောက်ပံ့ပေးနေသည့် U.S. Agency for Global Media (USAGM) ကို ထရမ့်အစိုးရက မတ်လတွင် အထူးအုပ်ချုပ်ရေးအမိန့်ဖြင့် ရပ်ဆိုင်း ခဲ့သည်။
ယခုသတင်းနှင့် ပတ်သက်၍ USAGM က မှတ်ချက်တောင်းခံမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။
အဆိုပါ သတင်းဌာနများက လုပ်ငန်းများ ရပ်ဆိုင်းခံရခြင်းအပေါ် ထရမ့်အစိုးရကို တရားစွဲဆိုပြီးနောက် သမ္မတဟောင်းရေဂင်ခန့်အပ်ခဲ့သော အမေရိကန်ခရိုင်တရားသူကြီး ရွိုင်းစ် လမ်ဘာ့သ်က ထရမ့်၏ အုပ်ချုပ်ရေးအမိန့်သည် တရားမဝင်ကြောင်းနှင့် သမ္မတ၏ အာဏာကို ကျော်လွန်လုပ်ဆောင်ဖွယ်ရှိသည်ဟုဆိုကာ ယာယီတားမြစ်မိန့် ချမှတ်ခဲ့သည်။
VOA က အယူခံဝင်နေစဉ်အတွင်း လုပ်ငန်းလည်ပတ်နိုင်ရန် အမိန့်ကို ထောက်ခံခဲ့သည့် ဝါရှင်တန်ဒီစီရှိ ဖက်ဒရယ်အယူခံတရားရုံးအဖွဲ့တွင် ထရမ့်ခန့်အပ်ထားသော တရားသူကြီးနှစ်ဦး ပါဝင်သည်။
ယခုအမိန့်ကြောင့် VOA အနေဖြင့် လုပ်ငန်းများကို မကြာမီ ပြန်လည်စတင်နိုင်တော့မည့် အခြေအနေတွင် ရှိနေသည်။
VOA ဝန်ထမ်းများ၏ ရှေ့နေ ဒေးဗစ် ဆိုက်ဒ်ထံသို့ ဝါရှင်တန်ဒီစီမှ လက်ထောက်အမေရိကန်ရှေ့နေ ဘရန်ဒါ ဂွန်ဇာလက် ဟိုရိုဝစ်ဇ်က ပေးပို့ခဲ့သည့် အီးမေးလ်ကို The Washington Post သတင်းဌာနသို့လည်း မျှဝေခဲ့သည်။
အဆိုပါအီးမေးလ်တွင် အစိုးရရှေ့နေက VOA မှ ဝန်ထမ်းအချို့နှင့် USAGM မှ အခြားဝန်ထမ်းများအနေဖြင့် ယခုအခါ ၎င်းတို့၏ အစိုးရနှင့်ဆိုင်သော အကောင့်များကို ဝင်ရောက်ခွင့်ရရှိနေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
“ယနေ့အစောပိုင်းမှာ USAGM CIO ဝန်ထမ်းများက USAGM နဲ့ VOA ဝန်ထမ်းတွေ၊ စာချုပ်ဝန်ထမ်း ၁,၄၀၆ ဦးရဲ့ အကောင့်များကို ဖွင့်ပေးလိုက်ကြောင်း သိရပါတယ်” ဟု ဂွန်ဇာလက် ဟိုရိုဝစ်ဇ်က အီးမေးလ်တွင် ရေးသားထားသည်။
လုံခြုံရေး၊ အဆောက်အဦနေရာနှင့် စက်ပစ္စည်းဆိုင်ရာ ပြဿနာများကြောင့် လုပ်ငန်းခွင်သို့ အဆင့်လိုက် ပြန်လာရန် လိုအပ်သောကြောင့် USAGM သည် ဝန်ထမ်းများအား နောက်သီတင်းပတ်တွင် ရုံးသို့ ပြန်လည်စတင်ရန် မျှော်လင့်ထားကြောင်းနှင့် VOA ထုတ်လွှင့်မှုသည် နောက်သီတင်းပတ်တွင် ပြန်လည်စတင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းကပြောကြားသည်။
စနေနေ့အစောပိုင်းအထိ ဝန်ထမ်းအချို့ လုပ်ငန်းခွင်ဝင်ရောက်ခွင့် မရှိသေးကြောင်း VOA ဝန်ထမ်းတစ်ဦးက လုပ်ငန်းခွင့်လုံခြုံရေး အခြေအနေကို စိုးရိမ်သောကြောင့် အမည်မဖော်ဘဲ ပြောကြားသည်။