By ရိုက်တာ
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က မကြာသေးမီက ဖြစ်ပွားခဲ့သော ကက်ရှမီးယားပြည်နယ်ရှိ ခရီးသွားများကို ပစ်ခတ်တိုက်ခိုက်မှုတွင် ပါဝင်သူများကို ရေဆုံး၊ မြေဆုံး လိုက်လံ ဖမ်းဆီးအရေးယူမည်ဟု ကတိပြုထားသည်။
အိန္ဒိယ အစိုးရက ပစ်ခတ်မှုတွင် ပါဝင်သော ‘အကြမ်းဖက်သမား’ သုံးဦးအနက် နှစ်ဦးမှာ ပါကစ္စတန် နိုင်ငံမှ ဖြစ်ကြောင်း စွပ်စွဲပြစ်တင်ထားသော်လည်း ပါကစ္စတန် အစိုးရကမူ ပတ်သတ်မှုမရှိကြောင်း ငြင်းဆန်ထားသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အဏုမြူလက်နက်ပိုင်ဆိုင်ကြသည့် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပေါ်နေပြီး သံတမန်ရေးနှင့် အခြားသော အရေးယူမှုများကိုလည်း အပြန်အလှန်ဆောင်ရွက်ထားကြသည်။ ထိုမျှမက အိန္ဒိယ နိုင်ငံ၏ စစ်ရေးကျူးကျော်မှုကိုပင် မကြာမီ ကြုံတွေရမည်ဟု မျှော်လင့်ထားကြောင်း ပါကစ္စတန်အစိုးရက ထုတ်ပြန်ထားသည်။
ကက်ရှမီးယားပြည်နယ်သည် အန္ဒိယနှင့် ပါကစ္စတန်ကြား နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေသော တောင်တန်းထူထပ်သည့်ဒေသတစ်ခုဖြစ်ပြီး အဆိုပါပြည်နယ်ရှိ ပူးဝါမားမြို့ တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က အသေခံ ကားဗုံးခွဲမှုကြောင့် စစ်သား (၄၀) ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာလာခဲ့သည်။
အဆိုပါ ကားဗုံးခွဲတိုက်ခိုက်မှုကို ပါကစ္စတန် အခြေစိုက် ‘ဂျေ့ရှ် အီ မိုဟာမက်’ လက်နက်ကိုင် အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အိန္ဒိယလေတပ်က ပါကစ္စတန်နိုင်ငံ၊ ဘာလာကော့ မြို့အနီးရှိ ဂျေ့ရှ်အီ မိုဟာမက် အဖွဲ့၏ လေ့ကျင့်ရေးစခန်းကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့၊ နံနက်အစောပိုင်း၌ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လက်တုံ့ပြန်ခဲ့သည်။
‘လေကြောင်းတိုက်ခိုက်မှုကြောင့် အဖွဲ့ဝင် အကြမ်းဖက်လက်နက်ကိုင်များ၊ လေ့ကျင့်ပေးသူများ၊ အကြီးတန်းခေါင်းဆောင်များနှင့် ဂျီဟတ် အဖွဲ့ဝင်များ အများအပြားသေဆုံးခဲ့သည်’ ဟု အိန္ဒိယအစိုးရက ကြေညာခဲ့သည်။ မကြာမီ အန္ဒိယ အာဏာပိုင်များက စစ်သွေးကြွ (၃၀၀) ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ပါကစ္စတန် အစိုးရကမူ အိန္ဒိယ လေယာဉ်များ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း အရေးကြီးနေရာများကို မထိခိုက်ဘဲ တောင်ကုန်းတစ်ခုကိုသာ ဗုံးကြဲခဲ့ကြောင်း ငြင်းဆန်ထားသည်။
ထို့ပြင် နှစ်နိုင်ငံ လေကြောင်းတိုက်ခိုင်မှုများအတွင်း ပါကစ္စတန် JF-17 နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် အိန္ဒိယ MiG ဂျက်လေယာဉ်မှာ ပါကစ္စတန် နိုင်ငံအတွင်းပျက်ကျခဲ့ရာမှ လေယာဉ်မှူးကို ဖမ်းဆီးရမိခဲ့သည်။
သို့သော် ရက်အနည်းငယ်ကြာပြီးနောက် ပါကစ္စတန် အစိုးရက လေယာဉ်မှူးကို ပြန်လည် လွှတ်ပေးခဲ့သဖြင့် တင်းမာမှုများပြန်လည် လျော့ကျလာခဲ့သည်။
၂၀၁၆ ခုနှစ် ဩဂုတ်လ (၁၈) ရက်တွင်လည်း အိန္ဒိယ-ပါကစ္စတန်နယ်စပ်၊ အိန္ဒိယဖက်ဒရယ်အုပ်ချုပ်ရေး ပြည်နယ်ဖြစ်သည့် ဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ်အကြား၊ အူရီ မြို့ ရှိ အိန္ဒိယတပ်စခန်းတစ်ခုကို လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အိန္ဒိယစစ်သား (၁၉) ဦးသေဆုံးခဲ့ပြန်သည်။ အိန္ဒိယနိုင်ငံက တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ပါကစ္စတန်နိုင်ငံကို စွပ်စွဲပစ်တင်ခဲ့သော်လည်း ပါကစ္စတန်က ငြင်းဆန်ခဲ့ပြန်သည်။
တိုက်ခိုက်မှုဖြစ်ပွားပြီး (၁၀) ရက်အကြာတွင် အိန္ဒိယက နယ်စပ်ဖြတ်ကျော်၍ အခြားပစ်မှတ်များကို ထိခိုက်ခြင်းမရှိဘဲ လက်နက်ကိုင် စခန်းများကိုသာ ဦးတည်တိုက်ခိုက်သော surgical strikes ဆောင်ရွက်ခဲ့ကြောင်း ကြေညာခဲ့သည်။
ဤတွင်လည်း ပါကစ္စတန်ဘက်က မိမိနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှု မရှိကြောင်း ငြင်ဆန်ခဲ့သည်။
လက်ရှိအခြေအနေတွင် ပါကစ္စတန် အစိုးရဝန်ကြီးများက အိန္ဒိယ၏ စစ်ရေးကျူးကျော်တိုက်ခိုက်မှုမှာ မလွဲမသွေ ဖြစ်လာနိုင်ကြောင်း သတိပေးထားပြီး စစ်ရေးပြင်ဆင်မှုများဆောင်ရွက်လျက်ရှိသကဲ့သို့ အိန္ဒိယ တပ်ဖွဲ့များကလည်း နိုင်ငံအနှံ့အပြား စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိနေသည်။