By CNN
အမေရိကန်နှင့် ယူကရိန်းနိုင်ငံတို့အကြား အရေးပါသော တွင်းထွက်သတ္တုများမှ အကျိုးအမြတ် ရရှိရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၃၀ ရက်တွင် ကြေညာလိုက်သည်။
အဆိုပါသဘောတူညီချက်သည် “ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်” တစ်ရပ်ဖြစ်ပြီး၊ အမေရိကန်အနေဖြင့် ယူကရိန်း၏ ရှားပါး သတ္တုများကို ရယူခွင့်ရရှိမည်ဖြစ်ပြီး ယူကရိန်းအတွက်လည်း ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတစ်ရပ်ကို တည်ထောင်ပေးမည်ဖြစ်သည်။
ဇန်နဝါရီလတွင် သမ္မတဒေါ်နယ်ထရမ့် အစိုးရတက်ပြီးချိန်မှစ၍ အမေရိကန်နှင့် ယူကရိန်းတို့အကြား သဘာဝအရင်းအမြစ်များဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို အပြီးသတ်နိုင်ရန် ကြိုးပမ်းခဲ့သည်။
ယခုသဘောတူညီချက်သည် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်သော ခက်ခဲသည့် ဆွေးနွေးမှုများ၏ ရလဒ်ဖြစ်ပြီး ကြားကာလတွင်လည်း နှစ်နိုင်ငံအကြား အကူအညီပေးရေး အစီအစဉ်ကို ယာယီ ရပ်တန့်သွားစေခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန်က ထုတ်ပြန်ချက်တွင် ” အမေရိကန်နိုင်ငံက ရက်စက်ပြီး အဓိပ္ပာယ်မဲ့သော စစ်ပွဲကို အဆုံးသတ်နိုင်ရန် ကူညီဆောင်ရွက်ပေးရန် ကတိကဝတ်ပြုထားပါသည်” ဟု ဖော်ပြခဲ့သည်။
“ သဘောတူညီချက်သည် ရုရှားနိုင်ငံအား ထရမ့်အစိုးရသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ပြီး ကြွယ်ဝချမ်းသာသော ယူကရိန်းနိုင်ငံကို ရေရှည်တွင် အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကတိကဝတ်ပြုထားကြောင်း ရှင်းလင်းစွာ ပြသနေသည်” ဟု ဘက်ဆန်က ဆက်လက်ပြောကြားခဲ့သည်။
” ရုရှားစစ်ပွဲယန္တရားကို ငွေကြေးထောက်ပံ့ခဲ့သော သို့မဟုတ် လက်နက်ခဲယမ်းများ ထောက်ပံ့ခဲ့သော မည်သည့်နိုင်ငံ သို့မဟုတ် တစ်ဦးတစ်ယောက်ကိုမျှ ယူကရိန်းနိုင်ငံ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှ အကျိုးအမြတ်ရရှိရန် ခွင့်ပြုမည်မဟုတ်ပေ” ဟုလည်း ဖော်ပြထားသည်။
ယူကရိန်းအစိုးရကိုယ်စား လက်မှတ်ရေးထိုးရန်အတွက် ယူကရိန်း စီးပွားရေးဝန်ကြီး ယူလီယာ ဆဗီရီဒန်ကို ဝါရှင်တန်မြို့သို့ ရောက်ရှိနေခဲ့သည်။
“ ကျွန်မတို့၏ နယ်မြေနဲ့ နယ်မြေရေပြင်အတွင်းရှိ အရင်းအမြစ်အားလုံးဟာ ယူကရိန်းနိုင်ငံပိုင်ဖြစ်တယ်” ဟု သူမက ပြောကြားခဲ့ပြီး “ မည်သည့်အရာကို မည်သည့်နေရာတွင် တူးဖော်ရမည်ကို ယူကရိန်းနိုင်ငံတော်ကသာ ဆုံးဖြတ်မည်ဖြစ်သည်။ မြေအောက်သယံဇာတများသည် ယူကရိန်း၏ ပိုင်ဆိုင်မှုအောက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ဒီ အချက်ကို သဘောတူညီချက်တွင် ရှင်းလင်းစွာ ဖော်ပြထားသည်” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။