ရိုက်တာ
ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ကက်ရှမီးယားဒေသတွင် ခရီးသွားများ တိုက်ခိုက်ခံရမှုကြောင့် အိန္ဒိယတပ်ဖွဲ့များက စစ်သွေးကြွများကို ရှာဖွေနေချိန်တွင် ပါကစ္စတန်ဘက်က လက်နက်ငယ်များဖြင့် ၄ ညဆက်တိုက် ပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် တုံ့ပြန်ခဲ့ရကြောင်း ဧပြီ ၂၈ ရက်က ပြောကြားခဲ့သည်။
ဧပြီ ၂၂ ရက်က လူ ၂၆ ဦးသေဆုံးခဲ့သော တိုက်ခိုက်မှုအပြီးတွင် အိန္ဒိယနိုင်ငံသည် သံသယရှိ စစ်သွေးကြွသုံးဦးအနက် နှစ်ဦးကို ပါကစ္စတန်နိုင်ငံသားများဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သော်လည်း ပါကစ္စတန်အစိုးရက ငြင်းဆိုထားပြီး ကြားနေစုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရန် တောင်းဆိုထားသည်။
စစ်သွေးကြွများသည် ပါဟာလဂမ်ဒေသရှိ မြက်ခင်းပြင်တစ်ခုတွင် အမျိုးသားများကို ခွဲထုတ်ကာ ၎င်းတို့၏အမည်များကို မေးမြန်းပြီး ဟိန္ဒူဘာသာဝင်များကို ရွေးချယ် ပစ်ခတ်ခဲ့သည်ဟု လုံခြုံရေးအရာရှိများနှင့် အသက်ရှင်ကျန်ရစ်သူများက ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် ဟိန္ဒူဘာသာဝင်အများစုနေထိုင်သော အိန္ဒိယနိုင်ငံတွင် ဒေါသနှင့် ဝမ်းနည်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး ကက်ရှမီးယားဒေသတွင် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ပြီး အားပေးအားမြှောက်ပြုလုပ်သည်ဟု အိန္ဒိယအစိုးရက စွပ်စွဲထားသော အစ္စလာမ္မစ်ပါကစ္စတန်နိုင်ငံအပေါ် အရေးယူဆောင်ရွက်ရန် တောင်းဆိုမှုများလည်း မြင့်တက်လာခဲ့သည်။
အရပ်သားများ တိုက်ခိုက်ခံရပြီးနောက် နှစ်နိုင်ငံအကြားအပြန်အလှန် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပြီး အိန္ဒိယနိုင်ငံက အရေးပါသော အိန္ဒုမြစ်ရေမျှဝေသုံးစွဲရေး သဘောတူညီချက်ကို ဆိုင်းငံ့ထားကာ ပါကစ္စတန်နိုင်ငံကလည်း အိန္ဒိယလေကြောင်းလိုင်းများအတွက် ၎င်း၏လေပိုင်နက်ကို အသုံးပြုခွင့်ပိတ်ပင်လိုက်သည်။
ဒေသတွင်း အရေးပါသည့် တရုတ်နိုင်ငံက အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား ပြဿနာများကို ပြေလည်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် အခြေအနေကို တည်ငြိမ်စေမည့် ဆောင်ရွက်ချက်များကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်နှင့် အိန္ဒိယတို့၏ ကက်ရှမီးယားဒေသများကို ပိုင်းခြားထားသော ၇၄၀ ကီလိုမီတာ (၄၆၀ မိုင်) ရှည်လျားသည့် နယ်နိမိတ်မျဉ်းတစ်လျှောက် ဧပြီ ၂၈ ရက် သန်းခေါင်ယံဝန်းကျင်တွင် ပါကစ္စတန်စစ်တပ်က လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကို တုံ့ပြန်ခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်စစ်တပ်၏ သီးခြားထုတ်ပြန်ချက်တစ်ခုတွင် အနောက်ဘက်ရှိ အာဖဂန်နစ္စတန်နယ်စပ်မှ နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသော အစ္စလာမ္မစ်စစ်သွေးကြွ ၇၁ ဦးကို ပြီးခဲ့သည့် သုံးရက်အတွင်း သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။
ဧပြီ ၂၂ ရက်က ခရီးသွားများ တိုက်ခိုက်ခံရပြီးနောက် အိန္ဒိယကာကွယ်ရေးတပ်ဖွဲ့များသည် တစ်နိုင်ငံလုံးတွင် စစ်ရေးလေ့ကျင့်မှု အများအပြား ပြုလုပ်ခဲ့သည်။ ယင်းလေ့ကျင့်မှုများအနက် အချို့မှာ ပုံမှန် လေ့ကျင့်ခန်းများဖြစ်ကြောင်း ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် ကက်ရှမီးယားဒေသရှိ အိမ်ခြေ ၁,၀၀၀ နီးပါးနှင့် သစ်တောများကို ရှာဖွေပြီးနောက် လူပေါင်း ၅၀၀ ခန့်ကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားကြောင်း ဒေသခံရဲအရာရှိတစ်ဦးက ဧပြီ ၂၈ နေ့တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။