ယူကရိန်းနိုင်ငံ ကိဗ်မြို့အား ရုရှားစစ်တပ်က မြောက်ကိုရီးယားလုပ် ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သမ္မတ ဇယ်လန်းစကီးက ယမန်နေ့က ပြောကြားလိုက်သည်။
အဆိုပါဒုံးကျည်ဖြင့် လူနေအိမ်ရာတစ်ခုကို တိုက်ခိုက်မှုတွင် ၁၂ ဦးထည့်မနည်း သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ကိဗ်မြို့လယ်၏ အနောက်ဘက်ရှိ ဆဗျာတိုရှင်စကီးခရိုင်ရှိ လူနေအိမ်တစ်ခုကို မြောက်ကိုရီးယားလုပ် KN-23 (KN-23A) ဒုံးကျည် ထိမှန်ခဲ့ကြောင်း ယူကရိန်းစစ်တပ်သတင်းရင်းမြစ်တစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။
“ အစောပိုင်းသတင်းအချက်အလက်တွေအရ ရုရှားက မြောက်ကိုရီးယားလုပ် ပဲ့ထိန်းဒုံးကျည်ကို အသုံးပြုခဲ့ပါတယ်။ အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းလျက်ရှိသည်” ဟု ဇယ်လန်းစကီးက X တွင် ရေးသားခဲ့သည်။
ဇယ်လန်းစကီး၏ ပြောကြားချက်နှင့်ပတ်သက်၍ ရုရှားက မှတ်ချက်တစ်စုံတစ်ရာ မပေးထားသလို ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ရာရောက်စေမည့် လက်နက်လွှဲပြောင်းမှုများကို မလုပ်ဆောင်ကြောင်း မြောက်ကိုရီးယားက ငြင်းဆိုထားသည်။
ဖေဖော်ဝါရီ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားအစိုးရသည် နိုင်ငံတကာအသိုင်းအဝိုင်းမှ အထီးကျန်ဖြစ်လာသောကြောင့် မြောက်ကိုရီးယားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် လျင်မြန်စွာ တိုးမြှင့်ခဲ့သည်။
မြောက်ကိုရီးယားသည် ရုရှားအား အမြောက်ကျည်များစွာအပြင် ဒုံးပျံစနစ်များ၊ စစ်သားထောင်ပေါင်းများစွာနှင့် ပဲ့ထိန်းဒုံးကျည်များကို ပံ့ပိုးပေးခဲ့ကြောင်း၊ ရုရှားသည် ၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင် ယူကရိန်းအား တိုက်ခိုက်ရန် စတင်အသုံးပြုခဲ့ကြောင်း ယူကရိန်းက ပြောကြားသည်။
၂၀၂၅ ခုနှစ်အစပိုင်းတွင် မြောက်ကိုရီးယားသည် ရုရှားအား KN-23 နှင့် KN-24 ပဲ့ထိန်းဒုံးကျည် ၁၄၈ စင်း ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း ယူကရိန်း၏ စစ်ဘက်ထောက်လှမ်းရေးအေဂျင်စီက ဆိုသည်။
KN-23 (KN-23A) ဒုံးကျည်များသည် တန်ချိန်တစ်တန်အထိရှိသော လက်နက်များတပ်ဆင်နိုင်ပြီး ရုရှား၏ အလားတူ ဒုံးကျည်များထက် ပိုမိုအားကောင်းကြောင်း ယူကရိန်းသတင်းရင်းမြစ်က ပြောကြားသည်။