The Telegraph
အမေရိကန်စီးပွားရေးကို ထိခိုက်လာခြင်းကြောင့် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲကို နောက်ဆုတ်ရန် သမ္မတဒေါ်နယ်ထရမ့် စဉ်းစားလျက်ရှိကြောင်း သိရသည်။
နယ်စပ်အခွန်များကြောင့် အမေရိကန်၏ စီးပွားရေးကို ထိခိုက်မှုများရှိမည်ကို စိုးရိမ်သဖြင့် သမ္မတထရမ့်က သွင်းကုန်များအပေါ် အခွန်များကို ၅၀ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ဟု The Wall Street Journal က ဖော်ပြသည်။
ဧပြီ ၂၂ ရက် ညနေပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်အပေါ် အခွန်များ သိသိသာသာ လျော့ကျလာလိမ့်မည် ဟု ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
နောက်တစ်ရက် ဧပြီ ၂၃ ရက်တွင်လည်း ထရမ့်က တရုတ်နှင့် တရားမျှတသော သဘောတူညီချက် ရလိမ့်မည် ဟု ပြောကြားခဲ့သော်လည်း အခြေအနေကို တိတိကျကျ တိုက်ရိုက် ပြောကြားခဲ့ခြင်းမရှိပေ။
ဧပြီ ၂၃ ရက်ညက အိမ်ဖြူတော်ရုံးခန်း၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အခွန်များကို နောက် နှစ်ပတ် သို့မဟုတ် သုံးပတ်အတွင်း ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း တရုတ်နှင့် သဘောတူညီချက်သည် ၎င်းတို့အပေါ် မူတည်ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား အခွန်ကိစ္စကို နေ့တိုင်းဆွေးနွေးနွေးနေကြောင်းလည်း ၎င်းက ပြောသည်။
အခွန်များကို တစ်ဝက်လျှော့ချနိုင်ကြောင်း ထုတ်ဖော်ပြောကြားလာခြင်းကြောင့် ဝေါစထရိရှိ စတော့ရှယ်ယာများ မြင့်တက်ခဲ့ပြီး နည်းပညာကဏ္ဍဦးစားပေး Nasdaq စတော့အညွှန်းကိန်းသည် ၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
ထို့အပြင် ထရမ့်က ကားထုတ်လုပ်သူအချို့ကို အခွန်များကင်းလွတ်ခွင့်ပေးရန် စီစဉ်နေကြောင်း Financial Times က ယမန်နေ့ညက သတင်း ဖော်ပြခဲ့သည်။ ယင်းသို့ ကင်းလွတ်ခွင့်ကြောင့် မော်တော်ယာဉ် ထုတ်လုပ်သူများအနေဖြင့် တရုတ်မှ ရရှိသော ကားအစိတ်အပိုင်းများအပေါ် အခွန်များကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
အမေရိကန်ပြည်နယ် ၁၂ ခုသည် ၎င်း၏ အခွန်များကြောင့် ထရမ့်အစိုးရကို တရားစွဲမည်ဟု ပြောကြားခဲ့သည်။ နယူးယောက်ပြည်နယ်ရှေ့နေချုပ် လတ်တီတီယာ ဂျိမ်းစ်က “ သမ္မတအနေဖြင့် မိမိသဘောဖြင့် အခွန်များ တိုးမြှင့်ရန် အခွင့်အာဏာ မရှိပါ၊ သို့သော် ၎င်းအနေဖြင့် မိမိသဘောဖြင့်လုပ်ဆောင်နေခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။
အမေရိကန်က အခွန်များကို တစ်ဖက်သတ် လျှော့ချမည် မဟုတ်ကြောင်း၊ တရုတ်သည်လည်း အချို့သော အလျှော့ပေးမှုများ ပြုလုပ်ရမည်ဟု ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားပြီးနောက် စတော့ဈေးကွက်များ ပြန်လည်ကျဆင်းခဲ့သည်။
သို့သော် ထရမ့်က အခွန်များ လျှော့ချနိုင်ကြောင်း အရိပ်အမြွက် ပြောကြားလိုက်ခြင်းသည် တရုတ်အပေါ် အမေရိကန်၏ ချဉ်းကပ်သည့်ပုံစံ သိသာစွာ ပြောင်းလဲလာခြင်းကို မြင်တွေ့ရခြင်း ဖြစ်သည်။
တရုတ်ဘက်က အလျှော့ပေးရန် ကြိုးပမ်းသည့်အနေဖြင့် သမ္မတထရမ့်က တရုတ်မှ ကုန်ပစ္စည်းများအပေါ် အခွန်များကို ၁၄၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။