ပြီးခဲ့သည့် လက ဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ဘန်ကောက်ရှိ ဆောက်လုပ်ဆဲ မိုးမျှော်တိုက်တစ်လုံးပြိုကျခဲ့ရာ လူအများအပြားသေဆုံးခဲ့ပြီး ယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိဖြစ်သူ တရုတ်နိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
တရားရေးဝန်ကြီး သာဝီဆော့ဆောင်က ထိုင်းနိုင်ငံ၏ ပြည်ပစီးပွားရေးလုပ်ငန်းဥပဒေကို ချိုးဖောက်မှုဖြင့် ထိုင်းနိုင်ငံသားသုံးဦးအပါအဝင် လူလေးဦးကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။
မတ်လ ၂၈ ရက်နေ့က အင်အား ၇.၇ ရစ်ချ်စတာစကေးရှိသော မြန်မာနိုင်ငံအလယ်ပိုင်းကို လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အထပ် ၃၀ ရှိ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ငလျင်လှုပ်ခတ်ချိန်တွင် အဆောက်အအုံသည် စက္ကန့်ပိုင်းအတွင်း ပြိုကျသွားပြီး ဖုန်မှုန့်များနှင့် အပျက်အစီးများ လေထဲသို့ လွင့်စင်ကာ လူအများအပြား အပျက်အစီးများအောက်တွင် ပိတ်မိခဲ့သည်။ အနည်းဆုံး လူ ၄၇ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး နောက်ထပ် ၄၇ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
တရားရေးဝန်ကြီး သာဝီဆော့ဆောင်က တရုတ်အစိုးရ၏ China Railway No.10 ပိုင် ကုမ္ပဏီမှ ထိုင်းနိုင်ငံသား၃ ဦးအပါအဝင် လူ ၄ဦးကို ပြည်ပစီးပွားရေးလုပ်ငန်းဥပဒေကို ချိုးဖောက်မှုဖြင့် ထိုင်းတရားရုံးက ဧပြီ ၁၉ ရက်တွင် ဖမ်းဝရမ်းထုတ်ထားကြောင်း ပြောကြား သည်။ ယင်းဥပဒေအရ နိုင်ငံခြားသားများသည် ကုမ္ပဏီတစ်ခုတွင် ရှယ်ယာ ၄၉ ရာခိုင်နှုန်းထက် ပိုမိုပိုင်ဆိုင်ခွင့် မရှိပေ။
တရားရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖမ်းဝရမ်းထုတ်ခံရသူ ၄ ဦးအနက် တစ်ဦးဖြစ်သည့် ကျန်း ဟု အမည်ပေးထားသော တရုတ် “ ကုမ္ပဏီကိုယ်စားလှယ်” ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
China Railway No.10 သည် ပြိုကျခဲ့သော နိုင်ငံတော်စာရင်းစစ်ရုံး အဆောက်အအုံကို တည်ဆောက်ရန် အီတလီ-ထိုင်း ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ကျန်း သည် ကုမ္ပဏီ၏ ၄၉ ရာခိုင်နှုန်း ရှယ်ယာရှင်အဖြစ် စာရင်းဝင်ပြီး ထိုင်းနိုင်ငံသား ၃ဦးက ကုမ္ပဏီ၏ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
သို့သော် အဆိုပါထိုင်းနိုင်ငံသား ၃ဦးသည် အခြားသော နိုင်ငံခြားသားများအတွက် ရှယ်ယာများကို အမည်ခံပေးထားသည့် သက်သေအထောက်အထားများရှိကြောင်း တရားသူကြီးသာဝီက ပြောကြားသည်။ သတင်းထောက်များကို စုံစမ်းတွေ့ရှိချက်များတွင် လေလံတင်သွင်းမှု လိမ်လည်ခြင်းနှင့် ဆောက်လုပ်ရေးကြီးကြပ်ရေး စာချုပ်များတွင် အင်ဂျင်နီယာများ၏ လက်မှတ်အတုများ အသုံးပြုခြင်းတို့ ပါဝင်ကြောင်း သာဝီက ပြောကြားခဲ့သည်။
ယခုလအစောပိုင်းတွင် ထိုင်းနိုင်ငံ၏ ဘေးအန္တရာယ်ကင်းရှင်းရေး အရာရှိများက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ သံချောင်းများကို စစ်ဆေးရာ အသုံးပြုခဲ့သော သတ္တုအချို့သည် အရည်အသွေးမမီကြောင်း တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
မတ်လ ၃၁ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ပြိုကျခဲ့သော ဆောက်လုပ်ဆဲ အဆောက်အအုံ၏ နေရာသို့ တရားမဝင် ဝင်ရောက်ခဲ့သော တရုတ်နိုင်ငံသား ၄ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းအဆောက်အအုံနေရာမှ စာရွက်စာတမ်းများ ပြန်လည်ရယူရန် ကြိုးစားနေစဉ် ၎င်းတို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။