The Nation
ထိုင်းနိုင်ငံသို့ လာမည့် နိုင်ငံခြားခရီးသွားအားလုံးသည်မေလ ၁ ရက်နေ့မှစတင်၍ မလာရောက်မီ အနည်းဆုံး ၃ ရက်ကြိုတင်၍ ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ် ဆိုက်ရောက်ကဒ် (Thailand Digital Arrival Card – TDAC) ဟုသိကြသော လူဝင်မှုကြီးကြပ်ရေးပုံစံ TM. 6 ၏ ဒစ်ဂျစ်တယ်ဗားရှင်းကို အွန်လိုင်းမှ တစ်ဆင့် မှတ်ပုံတင်ဖြည့်သွင်း ရမည်ဖြစ်သည်။
ကုန်းကြောင်း၊ ရေကြောင်း သို့မဟုတ် လေကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို ဝင်ရောက်လာသော နိုင်ငံခြားခရီးသွားအားလုံးသည် http://tdac.immigration.go.th မှတစ်ဆင့် အွန်လိုင်းတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး အပီလီကေးရှင်းဖြင့် ဖောင်ဖြည့်သည့်စနစ်ကိုလည်း နောင်တွင် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။
“နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းကို မရောက်ရှိမီ အနည်းဆုံး ၃ ရက်ကြိုပြီး TDAC ဖောင်ကို ဖြည့်စွက်နိုင်ပါတယ်” ဟု ဝန်ကြီးချုပ်ရုံး၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ အနုကူးလ် ပရွတ်ဆနုဆက်က စနေနေ့တွင် ပြောကြားခဲ့သည်။
ဖောင်ဖြည့်ရာတွင် လိုအပ်သော အချက်အလက်များမှာ ခရီးသွားစာရွက်စာတမ်းများ၊ နိုင်ငံကူးလက်မှတ်အသေးစိတ်အချက်အလက်များ၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ ခရီးသွားအစီအစဉ်များ၊ ထိုင်းနိုင်ငံရှိ တည်းခိုမည့်နေရာများနှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကျန်းမာရေးအခြေအနေတို့ ပါဝင်သည်။
TDAC သည် ဗီဇာမဟုတ်ဘဲ ဝင်ရောက်မှုလုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ တီထွင်ထားသော အွန်လိုင်းဆိုက်ရောက်ကဒ်စနစ်တစ်ခုဖြစ်ကြောင်း အနုကူးလ်က အလေးအနက်ပြောကြားခဲ့သည်။
TDAC ဝက်ဘ်ဆိုက်တွင် အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ရုရှားနှင့် ဂျပန်ဘာသာစကားငါးမျိုးဖြင့် ဖော်ပြပေးထားသည့်အပြင် သတင်းအချက်အလက်များပါဝင်သော လက်ကမ်းစာစောင်များနှင့် ရှင်းလင်းချက်ဗီဒီယိုများလည်း ပါဝင်သောကြောင့် TDAC ဆိုက်ရောက်ကဒ် ဖြည့်ရမည့် အသေးစိတ်အချက်အလက်များကို ဝက်ဘ်ဆိုက်တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။