CNN
ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ တိုးတက်ခြင်းမရှိပါက ပါဝင်ဆောင်ရွက်မှုများကို မကြာမီရပ်ပိုင်း အတွင်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဧပြီ ၁၈ ရက်နေ့တွင် သတိပေးလိုက်သည်။
“ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်သွားပါမယ်” ဟု ဥရောပနှင့် ယူကရိန်း အရာရှိများနှင့် အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ပဲရစ်မြို့မှ မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။
“ ဒါဟာ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကို ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ဖို့ လိုနေပါပြီ။ ရက်ပိုင်းအတွင်းပဲ ဆုံးဖြတ်မှာပါ ” ဟု ၎င်းက ပြောကြားခဲ့သည်။
သုံးနှစ်ကြာမြင့်ပြီဖြစ်သည့် ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်တန့်ရန် လုပ်ဆောင်ချက်များ တိုးတက်မှု မရှိခြင်းအတွက် ထရမ့် အစိုးရအဖွဲ့အတွင်း စိတ်ပျက်မှုများ မြင့်တက်လာခြင်းကို ရူဘီယို၏ မှတ်ချက်များက ညွှန်ပြနေသည်။
ခရိုင်းမီးယားဒေသကို ရုရှားက ထိန်းချုပ်ထားခြင်းအပေါ် အမေရိကန်ုအစိုးရက အသိအမှတ်ပြုခြင်းအပါအဝင် ပဋိပက္ခကို အဆုံးသတ်ရန် တွန်းအားပေးသည့် မူဘောင်တစ်ခုကို အဆိုပြုထားချိန်တွင် ယခုသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရူဘီယို၏ ပြောကြားမှုမှာ မှန်ကန်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် ရုံးခန်းတွင် သတင်းထောက်များကို ပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် ရပ်တန့်မည်ကို ပြန်လည်မဖြေကြားခဲ့ပေ။
“ တိကျတဲ့ ရက်အရေအတွက် မရှိပါဘူး။ ဒါပေမယ့် မြန်မြန်ဆန်ဆန်ပဲ လုပ်ချင်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၄ ခုနှစ်တွင် ရုရှားက ယူကရိန်းထံမှ တရားမဝင် သိမ်းပိုက်လိုက်သည့် ခရိုင်းမီးယားဒေသအား ရုရှား၏ ထိန်းချုပ်မှုကို အသိအမှတ်ပြုရန် ထရမ့်အစိုးရ အဆင်သင့်ဖြစ်နေခြင်းသည် သမ္မတ ဗလာဒီမာ ပူတင်အတွက် အောင်ပွဲတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ငြိမ်းချမ်းရေးမူဘောင်အတွက် ဆွေးနွေးရန် အကြောင်းအရာများ ကျန်ရှိနေသေးပြီး အမေရိကန်အစိုးရက လာမည့်အပတ်တွင် လန်ဒန်၌ ကျင်းပမည့် ဥရောပ၊ ယူကရိန်းတာဝန်ရှိသူများနှင့် ညှိနှိုင်းရန် စီစဉ်ထားသည်။
ထရမ့်က ရုရှားအပေါ် ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုများနှင့် အခွန်များ တပ်ရိုက်ရန် ခြိမ်းခြောက်ထားသလို ယူကရိန်းကိုလည်း ကူညီပံ့ပိုးမှုများ အကန့်အသတ်မရှိ ဆက်လက် မဟုတ်ကြောင်းနှင့် ဥရောပက တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း အမေရိကန်အစိုးရက ပြောကြားထားသည်။