Reuters
ယူကရိန်းစစ်ပွဲတွင် ရှရှားဘက်မှဝင်ရောက်တိုက်ခိုက်နေသော တရုတ်နိုင်ငံသား ၁၀၀ ကျော်သည် ကြေးစားစစ်သားများဖြစ်ပြီး တရုတ်အစိုးရနှင့် တိုက်ရိုက်ဆက်နွယ်မှုမရှိကြောင်း အမေရိကန် ထောက်လှမ်းရေးနှင့် နီးစပ်သော အရာရှိနှစ်ဦးနှင့် အနောက်နိုင်ငံ ထောက်လှမ်းရေးအရာရှိ တစ်ဦး တို့ထံမှသိရသည်။
သို့သော် အဆိုပါ တရုတ်စစ်သားများသည် ယူကရိန်းစစ်ပွဲမှ နည်းဗျူဟာများကို လေ့လာရန် တရုတ်အစိုးရ ၏ခွင့်ပြုချက်ဖြင့် ရုရှားစစ်တပ်နောက်တန်းတွင် ရှိနေခဲ့သည်ဟု ထောက်လှမ်းရေး အရာရှိဟာင်းကဆိုသည်။
ယူကရိန်းသမ္မတဗလာဒီမီယာ ဇာလန်စကီး က၎င်းတို့တွင် ရုရှားဘက်မှ တိုက်ခိုက်နေသည့် တရုတ်နိုင်ငံသား ၁၅၅ ဦး၏ အချက်အလက်များ ရှိကြောင်း ပြောကြားပြီးနောက် အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန်တပ်ဖွဲ့များ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆယ်မြူရယ် ပါပယ်ရို က ဗုဒ္ဓဟူးနေ့တွင် ယူကရိန်းတပ်ဖွဲ့များသည်ယူကရိန်း အရှေ့ပိုင်း တွင် တရုတ်စစ်သား၂ ဦးကို ဖမ်းဆီးမိကြောင်း အတည်ပြုခဲ့သည်။
ရုရှားနှင့် အကန့်အသတ်မရှိ မိတ်ဖက်အဖြစ် ကြေညာထားပြီး ၂၀၂၂ ခုနှစ်က မော်စကို၏ ယူကရိန်းကျူးကျော်စစ်ကို ဝေဖန်မှုမပြုခဲ့သည့် တရုတ်နိုင်ငံက ဇာလန်စကီး၏ ထုတ်ပြန်ချက်ကို တာဝန်မဲ့သော စကားများဟု ပြောဆိုခဲ့ပြီး ၎င်းတို့သည် ယူကရိန်စစ်ပွဲတွင် ပါဝင်နေခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
အမည်မဖော်လိုသည့် အမေရိကန်အရာရှိများက တရုတ်စစ်သားများသည် အခြေခံသင်တန်းမျှသာ ရရှိထားပြီး ရုရှား၏ စစ်ဆင်ရေးများအပေါ် သိသာထင်ရှားသော သက်ရောက်မှုမရှိဟု ပြောကြားခဲ့သည်။
ထိုကိစ္စနှင့်ပတ်သတ်၍ မှတ်ချက်ပေးရန် CIA, အမေရိကန်နိုင်ငံတော်လုံခြုံရေးကောင်စီ နှင့် ဝါရှင်တန်ရှိအမေရိကန်နိုင်ငံဆိုင်ရာတရုတ်သံရုံး တို့ကို မေးမြန်းခဲ့သော်လဲ အကြောင်းပြန်ကြားခြင်းမရှိပါ။
တရုတ်နိုင်ငံသည် ရုရှားအား ယူကရိန်းနှင့်စစ်ပွဲတွင် အထောက်အပံ့ဖြစ်စေရန် ပစ္စည်းကိရိယာအကူအညီများ ပေးပို့ခဲ့ပြီး အဓိကအားဖြင့် စစ်ဖက် အရပ်ဖက် နှစ်ရပ်သုံး ဒရုန်းနှင့် တင့်ကားများကဲ့သို့သော လက်နက်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်သည့် အစိတ်အပိုင်းများ ကို လွန်ခဲ့သော နှစ်များစွာကတည်းကတင်ပို့နေခြင်းဖြစ်သည်။
တရုတ်အစိုးရသည် စစ်မြေပြင်တွင် အသုံးပြုနိုင်ရန် သေစေနိုင်သော ဒရုန်းလက်နက်များကိုလည်း ရုရှားထံသို့ ထောက်ပံ့ပေးခဲ့သည်။ အောက်တိုဘာလတွင် အမေရိကန်အစိုးရကက မော်စကိုသို့ လက်နက်စနစ်များ ထောက်ပံ့ပေးသည့် တရုတ်ကုမ္ပဏီနှစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
ယူကရိန်းစစ်ပွဲတွင် စစ်ပွဲအစောပိုင်းကာလမှစ၍ အမေရိကန်အပါအဝင် အနောက်နိုင်ငံများမှ စေတနာ့ဝန်ထမ်းများသည် ယူကရိန်းဘက်မှ ပါဝင်တိုက်ခိုက်ပေးနေကြသည်။
ရုရှားတပ်များအား ကူညီရန် မြောက်ကိုရီးယားမှလည်း စစ်သား ၁၂,၀၀၀ ကျော်ကို စေလွှတ်ခဲ့သည်။ ၎င်းတို့အနက်မှ ထောင်ချီသော မြောက်ကိုရီးယားစစ်သားများသည် စစ်မြေပြင်တွင် သေဆုံး ဒဏ်ရာရရှိခဲ့ကြပြီးဖြစ်သည်။