By CNBC
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အပြန်အလှန် အခွန်ကောက်ခံမှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံတော်ကောင်စီ အကောက်ခွန်ကော်မရှင်၏ ထုတ်ပြန်ချက်အရ အမေရိကန်ကုန်ပစ္စည်းများအပေါ် ကောက်ခံသည့် အခွန်နှုန်းကို ဧပြီ ၁၂ ရက်မှ စ၍ ၈၄ ရာခိုင်နှုန်းမှ ၁၂၅ရာခိုင်နှုန်းသို့ တိုးမြှင့်မည်ဟု ကြေညာလိုက်သည်။
“အမေရိကန်သည် ပိုမိုမြင့်မားသော အခွန်များကို ဆက်လက် တိုးမြှင့်ကောက်ခံနေဦးမည်ဆိုလျှင်ပင် စီးပွားရေးအရ အဓိပ္ပာယ်မရှိတော့ဘဲ ကမ္ဘာ့စီးပွားရေးသမိုင်းတွင် ဟာသတစ်ခုဖြစ်လာလိမ့်မည်” ဟု CNBC သတင်းဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ချက်အား ဘာသာပြန်ဆို ဖော်ပြထားသည်။
ယင်း ထုတ်ပြန်ချက်တွင် “လက်ရှိအဆင့်ရှိ အခွန်နှုန်းထားများဖြင့် တရုတ်နိုင်ငံသို့ တင်သွင်းသော အမေရိကန်ကုန်ပစ္စည်းများအတွက် ဈေးကွက်မရှိတော့ပါဘူး။ အမေရိကန်အစိုးရက တရုတ်နိုင်ငံအပေါ် အခွန်များ ဆက်လက်တိုးမြှင့်မည်ဆိုလျှင် တရုတ်အစိုးရက လျစ်လျူရှုသွားမည်” ဟုလည်း ဖော်ပြထားသည်။ သည်။
ထရမ့်အစိုးရက တရုတ်ကုန်ပစ္စည်းများအပေါ် ဧပြီ ၁၀ ရက်က ၁၄၅ ရာခိုင်နှုန်းအထိ အခွန်များကို တိုးမြှင့်လိုက်သည်။
တရုတ်အစိုးရက လွန်ခဲ့သော ရက်သတ္တပတ်အတွင်း အမေရိကန်ကုန်ပစ္စည်းများအပေါ် အပြန်အလှန်အခွန်ကောက်ခံခြင်းနှင့် အမေရိကန်စီးပွားရေးလုပ်ငန်းများအပေါ် ကျယ်ပြန့်သော ကန့်သတ်ချက်များဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သောကြောင့် ကုန်သွယ်ရေးတင်းမာမှုများကို ဖြေရှင်းရေးအတွက် အမေရိကန်-တရုတ် သဘောတူညီချက်ရရှိရန် မျှော်လင့်ချက်များ လျင်မြန်စွာ မှေးမှိန်သွားခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှုစနစ်တွင် အဆိုးဆုံးကျူးလွန်သူများဖြစ်သောကြောင့် လာရောက်ညှိနှိုင်းလိုခြင်းမရှိသည်မှာ ကံမကောင်းကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က တရုတ်နိုင်ငံ၏ အခွန်နှုန်းထားကို ၈၄ ရာခိုင်နှုန်းသို့ တိုးမြှင့်ပြီးနောက် ဧပြီ ၉ ရက်တွင် Fox Business သို့ ပြောကြားခဲ့သည်။
“သူတို့ (တရုတ်) ဟာ ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ မမျှတဆုံး စီးပွားရေးကို လုပ်ကိုင်နေပြီး အခုလို အခွန်တွေမြင့်တက်လာမှုဟာ သူတို့ကို ရှုံးနိမ့်သူဖြစ်စေမယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်” ဟု ဘက်ဆန့်က ဆိုသည်။
Goldman Sachs သည် အမေရိကန်ကုန်သွယ်ရေးတင်းမာမှုများနှင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းတို့ကြောင့် တရုတ် GDP ခန့်မှန်းချက်ကို ဧပြီ ၁၀ ရက်တွင် ၄ ရာခိုင်နှုန်း သို့ လျှော့ချခဲ့သည်။
အမေရိကန်သို့ တရုတ်ပို့ကုန်များသည် တရုတ်နိုင်ငံ၏ စုစုပေါင်း GDP ၏ ၃ ရာခိုင်နှုန်းခန့်သာရှိသော်လည်း အလုပ်အကိုင်အခွင့်အလမ်းအပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိနေဆဲဖြစ်ကြောင်း Goldman Sachs လေ့လာသူများက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံရှိ အလုပ်သမား ၁၀ သန်းမှ သန်း ၂၀ ခန့်သည် အမေရိကန်သို့ တင်ပို့သော စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွယ်နေသည်ဟု ၎င်းတို့က ခန့်မှန်းကြသည်။
တရုတ်အစိုးရကလည်း အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ဆက်လက်ချိုးဖောက်နေပါက ပြတ်ပြတ်သားသား တန်ပြန်တိုက်ခိုက်ပြီး အဆုံးအထိ တိုက်ပွဲဝင်မည် ဟု ဧပြီ ၁၁ ရက်က ထပ်မံ ကြေညာထားသည်။