The Strait Times
စင်္ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသော ချင်းတိုင်းရင်းသား မိန်းကလေး ပျန်ငိုက်ဒွန်သည် အိမ်ရှင်များ၏ ညှင်းပမ်းနှိပ်စက်မှုကြောင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်က သေဆုံးခဲ့ရပြီး အိမ်ရှင်တစ်ဦးဖြစ်သည့် ယာဉ်ထိန်းရဲ ကယ်ဗင် ချယ်ဗမ် (Kevin Chelvam) ကို ပြစ်မှု (၄)မှု တွင် အပြစ်ရှိကြောင်း တရားရုံးက အပြီးသတ် အမိန့်ချလိုက်ပြီဖြစ်သည်။
အိမ်အကူမိန်းကလေးကို ညှင်းပမ်းနှိပ်စက်ခဲ့ကြောင်း ပြစ်မှုထင်ရှားသူ (၃) ဦးအနက် အသက် (၄၆)နှစ် အရွယ်ရှိ ယာဉ်ထိန်းရဲကို ရာထူးမှ ရပ်နားထားခဲ့ရာမှ ယခုနောက်ဆုံး ဧပြီလ (၁၀) နေ့တွင် စီရင်ချက်ချလိုက်ခြင်းဖြစ်သည်။
ပျန်ငိုက်ဒွန်သည် သေဆုံးချိန်တွင် ကိုယ်အလေးချိန် (၂၄) ကီလိုဂရမ်သာရှိတော့သည်။
သူမ ၂၀၁၅ ခုနှစ် မေလ ၂၈ ရက်နေ့က အိမ်ရှင်မိသားစုထံ စတင်အလုပ်ဝင်ခဲ့ချိန်တွင် ကိုယ်အလေးချိန် (၃၉) ကီလိုဂရမ်ရှိသည်။ သို့သော် မသေဆုံးမီ အနည်းဆုံး (၃၅) ရက်အတွင်း အစာရေစာ ဝဝလင်လင် မစားသောက်ခဲ့ရကြောင်း တွေ့ရှိရသည်။
ဇနီးဖြစ်သူ ဂိုင်ယာသရီ မူရူဂါယန် က ပျန်ငိုက်ဒွန်ကို ထိခိုက်နာကျင်စေရန်ရည်ရွယ်ပြီး အစာငတ်ထားရာတွင် အားပေးကူညီခဲ့သဖြင့် ကယ်ဗင်ချယ်ဗမ် ကို အပြစ်ရှိကြောင်း ခရိုင်တရားသူကြီး ထရိုအိုင်လင်းက အမိန့်ချခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တရားဝင် အလုပ်ရှင်ဖြစ်သူ ကယ်ဗင် ချယ်ဗမ်သည် အိမ်အကူကို ဆံပင်မှ ဆွဲ မ ခဲ့သည့် ထိခိုက်နာကျင်စေမှု အတွက်လည်း အပြစ်ရှိကြောင်း တရားရုံးက အမိန့်ချခဲ့သည်။
ကျူးလွန်သူ ယာဉ်ထိန်းရဲကို စင်္ကာပူဒေါ်လာ (၂၀,၀၀၀) ဒဏ်ငွေပေးဆောင်ရန် ဧပြီလ (၁၀) ရက်က အမိန့်ချထားပြီး ဇူလိုင်လ (၁၇) ရက်တွင် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။
တရားရုံး ကြားနာမှုတွင် ကယ်ဗင်၏မိခင်အပါအဝင် လူ ၁၀ ဦးထက်မနည်း တက်ရောက်ခဲ့ကြပြီး မိနစ် (၉၀) ကြာမြင့်ခဲ့သည်။
ကယ်ဗင်က ဆံပင်ဆွဲနှိပ်စက်မှုကို အိပ်ရာမှ နှိုးရန်ဖြစ်ကြောင်း ထွက်ဆိုခဲ့သော်လည်း CCTV မှတ်တမ်းတွင် ကန်ကျောက်နေသည်ကိုပါ တွေ့ရသဖြင့် တရားသူကြီးက ယုတ္တိမရှိဟုဆိုကာ ပယ်ချခဲ့သည်။
မိသားစုအပြင်ထွက်မည့်အချိန်တွင် အိမ်အကူက နှေးကွေးစွာ အစာစားနေသဖြင့် အလုပ်ကို နှောင့်နှေးစေသည်ဟုဆိုကာ ဒေါသထွက်၍ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း တရားသူကြီးက ဆိုသည်။
ထို့အပြင် ပျန်ငိုက်ဒွန်၏ ကိုယ်ခန္ဓာ ဒြပ်ထု အညွှန်းကိန်းသည် ကွယ်လွန်ချိန်တွင် (၁၁.၃) သာရှိသဖြင့် ဆိုးရွားစွာ အာဟာရချို့တဲ့နေသည့် အခြေအနေဖြစ်ကြောင်း တရားသူကြီးက ထောက်ပြခဲ့သည်။