The Straits Times
တောင်ကိုရီးယားနိုင်ငံ၏ အဓိက အတိုက်အခံပါတီဥက္ကဋ္ဌဖြစ်သူ လီဂျေမြောင်သည် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ကြောင်းနှင့် ရွေးကောက်ပွဲ ဝင်မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်သည်။
လီဂျေမြောင်သည် လူထု စစ်တမ်းများတွင် လူကြိုက်အများဆုံး သမ္မတလောင်းအဖြစ် ထိပ်ဆုံးက ရပ်တည်နေသူဖြစ်ပြီး ဇွန်လ ၃ ရက် သမ္မတ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
ထို့ပြင် လက်ရှိအာဏာရ ပြည်သူ့စွမ်းအားပါတီ (People Power Party)ဘက်မှ အလုပ်သမားဝန်ကြီး ကင်မွန်ဆူက သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာထားသည်။
တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် သမ္မတယွန်းဆော့ယောကို ဧပြီလ (၄) ရက်တွင် သမ္မတရာထူးမှ အပြီးတိုင်ဖယ်ရှားလိုက်ပြီး သမ္မတသစ်ကို ဇွန်လ (၃) ရက်နေ့တွင် ရွေးကောက် တင်မြှောက်မည်ဖြစ်သည်။
အတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီဂျေမြောင်က “အလုပ်အသစ်လုပ်တော့မည်” ဖြစ်ကြောင်း ၎င်း၏ Youtube channel မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် ပါတီခေါင်းဆောင်ပိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အသက်(၆၁) နှစ်ရှိပြီဖြစ်သော လီဂျေမြောင်သည် သမ္မတဟောင်း ယွန်းဆော့ယောကို ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် တောင်ကိုရီးယား သမိုင်းတစ်လျှောက် မဲကွာဟမှု အနည်းဆုံးဖြင့် ရှုံးနိမ့်ခဲ့သူလည်းဖြစ်သည်။ သို့သော် ၂၀၂၄ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင်မူ ၎င်း၏ လစ်ဘရယ်ပါတီကို သောင်ပြိုကမ်းပြို အနိုင်ရရှိစေရန် ကောင်းစွာ ဦးဆောင်နိုင်ခဲ့သည်။
အာဏာရ ပြည်သူ့စွမ်းအားပါတီသည် ဒီမိုကရက်တစ်ပါတီနှင့်မတူဘဲ လက်ရှိ ဆိုးလ် မြို့တော်ဝန်အပါအဝင် အလားအလာရှိသည့် ကိုယ်စားလှယ်လောင်း များစွာရှိနေသည်။
သို့သော် အာဏာရပါတီ၏ ကွန်ဆာဗေးတစ် ကိုယ်စားလှယ်လောင်းများကို ဦးဆောင်လျက်ရှိသည့် အလုပ်သမားဝန်ကြီး ကင်မွန်ဆူသည် ရာထူးမှ ဖြုတ်ချခံရသော သမ္မတဟောင်း ယွန်းဆော့ယောကိုထောက်ခံပြီး ပြန်လည်တင်မြှောက်ရန်ပင် တောင်းဆိုခဲ့ဖူးသူဖြစ်သည်။ နှစ်ဖက်စစ်တမ်းများတွင်လည်း ကင်မွန်ဆူသည် လီဂျေမြောင်၏ နောက်တွင်ရှိနေကြောင်း တွေ့ရသည်။
ကင်မွန်ဆူက ‘အမေရိကန်ပြည်ထောင်စုနှင့် လုံခြုံရေးကဏ္ဍမိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းစေရန် ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ နျူကလီးယားလက်နက်များတည်ဆောက်နိုင်ရေး ပထမခြေလှမ်းဖြစ်သည့် နျူ-လောင်စာ ပြန်လည်ထုတ်လုပ်ပိုင်ခွင့်ကို ရယူ၍ နျူကလီးယား လက်နက်များ တပ်ဆင်မည်ဖြစ်ကြောင်း’ ရွေးကောက်ပွဲကတိကဝတ်အဖြစ် ကြေညာထားသည်။
‘မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ရန် နျူကလီးယားလက်နက်တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောများ တည်ဆောက်၍ နျူ-လောင်စာ ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ဤနည်းဖြင့် လွတ်လပ်မှုနှင့် လူ့အခွင့်အရေးကို ကာကွယ်သည့် ကမ္ဘာ့ ခေါင်းဆောင်တစ်ဦး အဖြစ် ရပ်တည်မည် ဖြစ်ကြောင်း’ ကင်မွန်ဆူက ပြောကြားခဲ့သည်။