BBC
အမေရိကန်သမ္မတဒေါနယ်ထရမ့်က နိုင်ငံအများစုကို သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား ရက် ၉၀ ဆိုင်းငံ့လိုက်သော်လဲ တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲမှာ ပိုမိုပြင်းထန်လာခဲ့သည်။
အမေရိကန်၏ ကုန်သွယ်ဖက်နိုင်ငံ ၆၀ ခန့်အပေါ် ခွန်စည်းကြပ်မှုများ စတင်အသက်ဝင်ပြီး နာရီပိုင်းအတွင်းမှာပင် ယခုဆိုင်းငံ့မှုကို သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာခဲ့သည်။ ဆွေးနွေးညှိနှိုင်းဆဲကာလများအတွင်း အခြေခံ အခွန် ၁၀ ရာခိုင်နှုန်းကို ဆက်လက်ကောက်ခံမည်ဖြစ်သည်။
တရုတ်သွင်းကုန်များအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်း တိုးမြင့်လိုက်ပြီး တရုတ်မှ လက်တုံ့ပြန်သည့်အနေနှင့် အမေရိကန်သွင်းကုန်များအပေါ် အခွန် ၈၄ ရာခိုင်နှုန်း တိုးမြှင့်လိုက်ခြင်းကို လည်း လေးစားမှုမရှိသည့်လုပ်ရပ်ဟု ထရမ့်က ပြောကြားလိုက်သည်။
ယခုဆုံးဖြတ်ချက်သည် သမ္မတထရမ့်က အမေရိကန်သို့ ဝင်ရောက်သည့် ကုန်စည်အားလုံးအပေါ် တင်သွင်းခွန်စည်းကြပ်မည်ဟု ကြေညာပြီး တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်ပြီး ဆယ်စုနှစ်များအတွင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးတွင် အကြီးမားဆုံး အပြောင်းအလဲတစ်ရပ်လဲ ဖြစ်သည်။
၎င်း၏ အစီအစဉ်အရ တင်သွင်းကုန်များအားလုံးအပေါ် အခြေခံကုန်သွယ်ခွန်နှုန်း ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားရန်ဖြစ်ပြီး မမျှတသော ကုန်သွယ်ရေးအလေ့အထများဟု သမ္မတကသတ်မှတ်ထားသည့် “ အဆိုးရွားဆုံး ချိုးဖောက်သူများ” အဖြစ် အိမ်ဖြူတော်မှ ဖေါ်ပြထားသော ကုန်သွယ်ဖက်နိုင်ငံများအတွက် ပိုမိုမြင့်မားသော ခွန်နှုန်းများလည်း ပါဝင်သည်။
အခွန်တိုးမြှင့်မှု ဆိုင်းငံ့ထားမည့် စာရင်းတွင် အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂ၊ ဗီယက်နမ်၊ တောင်အာဖရိက အပါအဝင် အခြားနိုင်ငံများစွာ ပါဝင်ပြီး ထိုနိုင်ငံအားလုံးသည် အမေရိကန်၏ ကုန်သွယ်ခွန်တိုးမြှင့်ခြင်းကို ၁၁ ရာခိုင်နှုန်း မှ ၁၀၀ ရာခိုင်နှုန်း ကျော်အထိ ချမှတ်ခံရမည့် နိုင်ငံများဖြစ်သည်။
သမ္မတထရမ့်က သူ၏ကုန်သွယ်ခွန်မြှင့်တင်မှုများကို လက်တုံ့ပြန်ခြင်းမရှိသော နိုင်ငံများအတွက် ခွန်နှုန်းမြှင့်တင်မှုကို ၉၀ ရက်ကြာ ရွှေ့ဆိုင်းခွင့်ပြုမည် ဟု ၎င်း၏ Truth Social ပိုစ့်တွင်ကြေညာခဲ့သည်။
သို့သော်ထရမ့်က တရုတ်ပြည်ပေါ်သို့ ခွန်ထပ်ဆောင်းတိုးမြှင့်ခြင်းကို ချက်ချင်းအသက်သွင်းမည် ဟု ပြောကြားခဲ့ပြီး၊
“ မကြာမီအနာဂတ်တွင် တရုတ်ပြည်သည် အမေရိကန်နှင့် အခြားနိုင်ငံများကို လှည့်ဖြားခဲ့သည့် နေ့ရက်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်း သဘောပေါက်လာမည်ဟု မျှော်လင့်ပါသည်” ဟု ၎င်းက ရေးသားခဲ့သည်။
တရုတ်နိုင်ငံအပေါ်မှာသာမက လက်ရှိအချိန်တွင် အသက်ဝင်နေပြီဖြစ်သော အခွန်တိုးမြှင့်မှုများကို ရပ်နားသွားမည်မဟုတ်ပဲ အခွန်တိုးမြှင့်မှု အသက်မဝင်သေးသော နိုင်ငံများအတွက်အခွန်တိုးမြှင့်ခြင်းကို ရက် ၉၀ ရွှေ့ဆိုင်းထားခြင်းလဲဖြစ်သည်။
အမေရိကန်အနေနှင့် ကုန်သွယ်ဖက်နိုင်ငံများ အားလုံးအပေါ် အနည်းဆုံးသွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ကြေညာထားသော်လဲ အမေရိကန်၏ အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သော ကနေဒါနှင့် မက္ကစီကို တို့ကိုမူ သွင်းကုန်အခွန် ၁၀ ရာနှုန်း ကောက်ခံခြင်းမရှိပေ။