The Nation
ထိုင်းနိုင်ငံတောင်ဘက်စွန်း မလေးရှားနယ်စပ် ဆုန်ခါပြည်နယ် ဟာ့ယိုင် ခရိုင်မှာရှိတဲ့ ရွှေဆိုင်တစ်ဆိုင်ကနေ ဘတ် (၇) သန်းကျော် တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေကို အင်္ဂါနေ့တုန်းက တစ်ကိုယ်တော် ဓားပြတိုက်ခဲ့တဲ့ သေနတ်သမားကို ဖမ်းမိနိုင်ရေး သတင်းပေးကြဖို့ ဒေသ (၉) ပြည်နယ်ရဲတပ်ဖွဲ့ က ဘတ်တစ်သိန်းဆုကြေး ထုတ်လိုက်ကြောင်း ဒီနေ့ The Nation သတင်းမှာ ဖော်ပြထားပါတယ်။
ဟာ့ယိုင် မြို့လည်ခေါင်က ရွှေဆိုင်မှာ ဧပြီ ၈ ရက် နေ့လည် ၁၁ နာရီ ၅၅ မိနစ်က ဒီဓားပြမှုဟာ ဖြစ်ပွားခဲ့တာပါ။ မက်စ်(Mask) နှာခေါင်းစည်းတပ်ထားပြီး သေနတ်ကိုင်ထားတဲ့ ဓားပြဟာ ခင်းကျင်းပြသထားတဲ့ ရွှေထည်ပစ္စည်း (၂) ဒဿမ (၂၅) ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ဘတ် (၇) သန်းကျော် ကိုယူပြီးမော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုင်ဝန်ထမ်းတွေကတော့ ဒေသခံရဲ တပ်ဖွဲ့ကို ပြောကြားခဲ့ပါတယ်။
ဓားပြတိုက်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဒေသ(၉) ရဲတပ်ဖွဲ့မှူး ဒုတိယ ဗိုလ်မှူးကြီး ပီယာဝပ် ချလွမ်စရီက အတည်ပြုခဲ့ပါတယ်။
နောက်ပိုင်းမှာ ရဲအရာရှိတွေဟာ ရွှေဆိုင်ကနေ မီတာ (၃၀၀) ခန့်အကွာ စန်စရီ လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ ဓားပြရဲ့ မော်တော်ဆိုင်ကယ်ကို တွေ့ခဲ့တာကြောင့် ဓားပြဟာ အဝတ်အစားလဲပြီး ပြည်သူတွေနဲ့ ရောနှောကိုယ်ရောင်ဖျောက်ခဲ့တယ် လို့ သံသယရှိနေကြတာပါ။
CCTV ရုပ်သံမှတ်တမ်းတွေကို စစ်ဆေးရာမှာလည်း သံသယရှိသူဟာ အသက် (၆၁) အရွယ် မလေးရှားနိုင်ငံသား ယီဘန်လုံ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ထိုင်းအမည် အာနုချာဆယ်ယို ဆိုတဲ့ ထိုင်းနာမည် အပြင် အခြားနာမည်တွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒုတိယ ဗိုလ်မှူးကြီး ပီယာဝတ်ကတော့ သံသယရှိသူဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း ဟာ့ယိုင်မှာရှိတဲ့ ရွှေဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကမှ ထောင်က ပြန်လွတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဓားပြတိုက်ခဲ့တဲ့ အင်္ဂါနေ့မှာတင်ပဲ ဆုန်ခါ ပြည်နယ်တရားရုံးက သံသယရှိသူကို လက်နက်ကိုင်ဆောင် ဓားပြတိုက်မှု အပါအဝင် အခြားစွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်ထားခဲ့တာပါ။
ရဲတပ်ဖွဲ့က သံသယရှိသူဟာ ယခုအချိန်အထိ ဆုန်ခါ ပြည်နယ်တွင်းမှာပဲ ပုန်းအောင်းနေပြီး မလေးရှားနယ်စပ်ကို မဖြတ်ကျော်ရသေးကြောင်း ယုံကြည်နေကြပါတယ်။