The Nation
ထိုင်းနိုင်ငံ၏ အခမ်းအနားစီမံကျင်းပရေး လုပ်ငန်းများတွင် နိုင်ငံတကာလုပ်ငန်းရှင်များ၊ အထူးသဖြင့် တရုတ်လုပ်ငန်းရှင်များက လုပ်ငန်းများ တိုးချဲ့ဝင်ရောက်လာခြင်းအပေါ် စည်းမျဉ်းဥပဒေများဖြင့် ထိန်းချုပ်ပေးရန် Index Creative Village Plc ကုမ္ပဏီ၏ ပူးတွဲအမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူဖြစ်သော ကရိန်ကာရီ ကန်ဂျနာပိုကင်က အစိုးရကို တောင်းဆိုထားသည်။
တရုတ်လုပ်ငန်းရှင်များသည် ယခုနှစ်ပိုင်းများအတွင်း ၎င်းတို့၏ ကိုယ်ပိုင်အဖွဲ့များ၊ ပစ္စည်းကိရိယာများနှင့် ဆက်စပ်ပံ့ပိုးရေးအဖွဲ့များကို တရုတ်နိုင်ငံမှ တိုက်ရိုက်ခေါ်ယူကာ အခမ်းအနားများကို စီစဉ်သည့် ဝန်ဆောင်မှုများ ပိုမို လုပ်ဆောင်လာကြသည်ဟု ကရိန်ကာရီက ပြောကြားသည်။
“ သူတို့က တရုတ်နိုင်ငံကနေ စက်ပစ္စည်း၊ အလင်းအမှောင်စနစ်နဲ့ အလုပ်သမားတွေကိုပါ တစ်ပါတည်း ခေါ်လာကြတယ်။ ထိုင်းကုမ္ပဏီတွေကတော့ ပွဲတွေစီစဉ်တဲ့အခါ သက်ဆိုင်ရာနိုင်ငံတွေက ရင်းမြစ်တွေနဲ့ အလုပ်သမားတွေကိုပဲ အသုံးပြုပါတယ်” ဟု ၎င်းက ပြောကြားသည်။
“ထိုင်းလုပ်ငန်းများအနေဖြင့် လုပ်ငန်းများကို ကြီးကြပ်ခြင်းမှလွဲပြီး ပြိုင်ဘက်တရုတ်ကုမ္ပဏီများကဲ့သို့ အခြားပံ့ပိုးဖြည့်ဆည်းသည့် ကိစ္စများအားလုံးကို အကုန်အစင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိပါ” ဟုလည်း ၎င်းက ဆိုသည်။
ကရိန်ကာရီက ထိုင်းပုဂ္ဂလိကလုပ်ငန်းများသည် ပြည်တွင်းလုပ်ငန်းများကို ကာကွယ်နိုင်ရန် အမျိုးသားဉာဏလုပ်ငန်းများဆိုင်ရာ ဗျူဟာကော်မတီမှတစ်ဆင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေသည်ဟု ပြောကြားသည်။
အဆိုပါ လုပ်ဆောင်ချက်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံခြားကုမ္ပဏီများအား ထိုင်းနိုင်ငံအတွင်း၌ နိုင်ငံခြား အလုပ်သမားများ၊ စက်ပစ္စည်းများနှင့် အရင်းအမြစ်များကို အသုံးပြု၍ ပွဲများကျင်းပခြင်းကို တားဆီးရန်ဖြစ်သည်ဟုလည်း ဆိုသည်။
“ တကယ်လို့ တရုတ်ကုမ္ပဏီများ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းကို ဆက်လက်ခွင့်ပြုမယ်ဆိုရင် ပွဲကျင်းပရေးလုပ်ငန်းဟာ တန်ဖိုးနိမ့်ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ ယခုအချိန်ကတည်းက အရေးမယူဘူးဆိုရင် ထိုင်းကုမ္ပဏီတွေရဲ့ အနာဂတ်အခွင့်အလမ်းတွေ ဆုံးရှုံးသွားနိုင်ပါတယ်” ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။
ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေသော်လည်း နိုင်ငံခြားလုပ်ငန်းများ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခြင်း၏ ကောင်းကျိုးများကိုလည်း ကရိန်ကာရီက အသိအမှတ်ပြုထားသည်။
နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ဥပဒေအရ မှတ်ပုံတင်ထားစေရမည်ဖြစ်ပြီး တစ်ချိန်တည်း၌ပင် ထိုင်းကုမ္ပဏီများအနေဖြင့်လည်း ၎င်းတို့ထံမှ အထူးသဖြင့် ဆောက်လုပ်ရေးနည်းပညာများနှင့် ပတ်သက်၍ သင့်လျော်သော စည်းမျဉ်းစည်းကမ်းများနှင့် ချိန်ညှိကာ သင်ယူနိုင်သင့်ကြောင်း ပြောကြားခဲ့သည်။