အေပီ
အမေရိကန်အစိုးရ၏ နိုင်ငံတကာကျောင်းသားများအပေါ် တင်းကျပ်မှုများကြောင့် ကောလိပ်အုပ်ချုပ်ရေးအဖွဲ့များ အကြား စိုးရိမ်မှုများ မြှင့်တက်လျက်ရှိပြီး ထရမ့်အစိုးရက အချို့သော နိုင်ငံတကာ ကျောင်းသားများကို နိုင်ငံမှ ပြန်လည်ထွက်သွားစေရန် နည်းနာအသစ်များနှင့် မရေရာသော အကြောင်းပြချက်များကို အသုံးပြုနေကြောင်း ပြောကြားခဲ့သည်။
ကောလိပ်အုပ်ချုပ်ရေးပိုင်းအရာရှိများက ယခုနည်းလမ်းအသစ်များကြောင့် နိုင်ငံခြားသားများ အမေရိကန်တွင် ပညာသင်ယူလိုစိတ် လျော့နည်းသွားမည်ကိုလည်း စိုးရိမ်လျက်ရှိကြသည်။
နေထိုင်ခွင့် ဗီဇာများ ရုပ်သိမ်းခံရသော ကျောင်းသားများကို နိုင်ငံမှချက်ချင်းထွက်ခွာရန် ပြည်တွင်းလုံခြုံရေးဌာနက အမိန့်များထုတ်ပြန်ထားပြီး ယခင်လုပ်ထုံးလုပ်နည်းများကဲ့သို့ ကျောင်းသားများကို ဆက်လက်နေထိုင်စေပြီး ဆုံးခန်းတိုင် ပညာသင်ယူခွင့်ပေးခြင်းလည်း မရှိတော့ပေ။
အချို့ကျောင်းသားများမှာ ပါလက်စတိုင်းအရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ ရာဇဝတ်မှုများ သို့မဟုတ် ယာဉ်စည်းကမ်းချိုးဖောက်မှုများကြောင့် ပစ်မှတ်ထားခံနေရပြီး အချို့ကျောင်းသားများမှာမူ အစိုးရအမိန့်ကို မည်သို့ချိုးဖောက်မိသည်ကိုပင် နားမလည်နိုင်ဘဲ အရေးယူခြင်းခံနေရပေသည်။
မန်ကာတိုရှိ မင်နီဆိုးတား ပြည်နယ်တက္ကသိုလ်တွင်လည်း တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အက်ဒဝပ် အင့်ချ် က နိုင်ငံတကာကျောင်းသား ငါးဦး၏ ဗီဇာများမှာ တိကျသောအကြောင်းပြချက်မရှိဘဲ ရုပ်သိမ်းခံလိုက်ရကြောင်း ဗုဒ္ဓဟူးနေ့တွင် အသိပေးကြေညာခဲ့သည်။
မင်နီအာပိုလစ်မြို့ရှိ မင်နီဆိုးတားတက္ကသိုလ်မှ တူရကီကျောင်းသားတစ်ဦး ဖမ်းဆီးခံရပြီးနောက် နိုင်ငံတကာကျောင်းသားများ၏ အချက်အလက်မှတ်တမ်းများကို ကျောင်းအရာရှိများက စစ်ဆေးခဲ့ပြီး ဗီဇာရုပ်သိမ်းမှုအကြောင်းကို သိရှိခဲ့ရသည်ဟု ဥက္ကဋ္ဌက ဆိုသည်။ ပြည်ထဲရေးဌာနကမူ တူရကီကျောင်းသားကို ဖမ်းဆီးရခြင်းမှာ အရက်သေစာသောက်သုံးပြီး ကားမောင်းနှင်မှုကြောင့်ဟု ဆိုသည်။
“ယခုအခြေအနေသည် ယခင်ကြုံတွေ့ခဲ့ရသည်များနှင့် မတူဘဲ စိတ်မသက်မသာဖြစ်ဖွယ်ကာလများ ကြုံတွေ့နေရကြောင်း” ဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းအရေး ထောက်ခံဆန္ဒပြပွဲများတွင် ပါဝင်သော နိုင်ငံတကာ ကျောင်းသားများကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရန် ကတိပြုခဲ့ပြီးနောက် ဖက်ဒရယ်အစိုးရ ဝန်ထမ်းများက ကိုလမ်ဘီယာ တက္ကိသိုလ်မှ ဘွဲ့လွန်ကျောင်းသား မဟမွတ် ခါလီကို စတင်ဖမ်းဆီးခဲ့သည်။
ပါလက်စတိုင်းအရေးတက်ကြွလှုပ်ရှားသူဖြစ်သော အဆိုပါကျောင်းသားသည် အစိမ်းရောင်ကဒ်ကိုင်ဆောင်သူဖြစ်ပြီး ယမန်နှစ်က ကိုလမ်ဘီယာတက္ကသိုလ်၏ ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရို ကမူ ရာဇဝတ်မှုကျူးလွန်နိုင်ချေရှိသော ကျောင်းသားများနှင့်အတူ ဆန္ဒပြပွဲများတွင် ပါဝင်မှုကြောင့် ပစ်မှတ်ထားအရေးယူနေကြောင်း လွန်ခဲ့သော သီတင်းပတ်က ပြောကြားခဲ့သည်။