ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး တွမ်ဖလက်ချာသည် ငလျင်ဒဏ်အတွက် ကူညီမှုများ ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ဧပြီ ၄ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားသည်။
မတ်လ ၂၈ ရက်က ရစ်ခ်ျတာစကေး ၇.၇ အင်အားရှိသော ငလျင်သည် ရာစုနှစ်အတွင်း မြန်မာနိုင်ငံတွင် အပြင်းထန်ဆုံး ငလျင်များထဲမှ တစ်ခုဖြစ်ပြီး လူဦးရေ ၂၈ သန်းနေထိုင်ရာ ဒေသတွင် ထိခိုက်မှုကြောင့် ဆေးရုံများကဲ့သို့သော အဆောက်အအုံများ ပြိုလဲခဲ့ပြီး လူအများအပြား အစားအစာ၊ ရေနှင့် အမိုးအကာမဲ့ ဖြစ်ခဲ့ရသည်။
“ မိုးရာသီ နီးကပ်လာချိန်မှာ ငလျင်က အခက်အခဲတွေကို ပိုမိုဆိုးရွားစေတယ်” ဟု ဂူတာရက်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ “ အခုလိုဝမ်းနည်းဖွယ်အချိန်ကို မြန်မာပြည်သူများအတွက် အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲရန် အားလုံး ကြိုးပမ်းကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်” ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်သည်လည်း ငြိမ်းချမ်းရေးနှင့် ဆွေးနွေးမှုအတွက် ကုလသမဂ္ဂ၏ ကတိကဝတ်ကို အားဖြည့်ရန် လာမည့်ရက်များတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
စစ်ကောင်စီ၏ ဧပြီ ၃ ရက်ထုတ်ပြန်ချက်အရ သေဆုံးသူဦးရေ ၃,၀၈၅ ဦးအထိ မြင့်တက်ခဲ့ပြီး ၄,၇၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ ၃၄၁ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။