By Nway / MPA
ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီရွေးကောက်ပွဲကို ကန့်ကွက်ရန်နှင့် လက်နက်နှင့်လေယာဉ်ဆီ ပိတ်ဆို့ရေး ဆောင်ရွက်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက ထပ်လောင်း တောင်းဆို လိုက်သည်။
ဇန်နဝါရီ၃၀ရက်တွင်ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး မီဒီယာများသို့ ရှင်းလင်းပြောကြားသည့်အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အမှာစကားပြောကြားစဉ် မြန်မာပြည်သူများ၏ အသက်နှင့် အနာဂတ်ကို ကယ်တင်ပေးနိုင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေနှင့်စစ်တပ်က စီစဉ်လျက်ရှိသော အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ရန်၊ စစ်တပ်ထံသို့ လက်နက်များ စီးဆင်းမှု ရပ်တန့်ရေး ဆောင်ရွက်ရန်နှင့်စစ်တပ်ထံသို့ ဂျက်လေယာဉ်ဆီနှင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများ စီးဆင်းမှု ရပ်တန့်ရေး ဆောင်ရွက်ရန်တောင်းဆိုခဲ့သည်။
သံအမတ်ကြီး၏ တောင်းဆိုမှုကို လုံခြုံရေးကောင်စီအနေနှင့် လက်တွေ့အသက်ဝင်အောင် ဆောင်ရွက်ပေးနိုင်ခြေ နည်းသော်လည်း ဖိအားတစ်ရပ်ဖြစ်စေကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံရေး ဆောင်းပါးရှင်တစ်ဦးကဆိုသည်။
“လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ရုရှားနဲ့ တရုတ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီ ကိုထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့ဆိုရင် ကန့်ကွက်မှာပဲဆိုတော့ လက်တွေ့ဖြစ်နိုင်ခြေက နည်းတာပေါ့။ဘာပဲဖြစ်ဖြစ် ရုရှားနဲ့ တရုတ်အတွက် နိုင်ငံတကာအလယ်မှာ အရှက်ရစရာတော့ ဖြစ် မှာပဲ” ဟု ၎င်းက MPAသို့ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို လျှော့ချရန်မှာ လေယာဉ်ဆီ တင်သွင်းမှု ပိတ်ပင်ခြင်းနှင့် လေယာဉ်ဆီသိုလှောင်ကန်များကို တိုက်ခိုက်ခြင်းဟူ၍ နည်းလမ်းနှစ်သွယ်ရှိကြောင်း CDM လေတပ်အရာရှိတစ်ဦးကဆိုသည်။
“လေတပ်တိုင်းမှာ မြေအောက်လေယာဉ်ဆီသိုလှောင်ကန်ရှိတယ်။ ဆီသိုလှောင်ကန်နေရာအတိအကျကို ဖရဲသီးတွေက သတင်းပေးလို့ရပေမဲ့ PDF တွေပစ်တဲ့ ရှော့တိုက်ဒုံးက ပစ်မှတ်အတိအကျရောက်ဖို့ မလွယ်တော့ ကံကောင်းမှ မှန်မှာပေါ့။ အဲဒါထက် ဖရဲသီးတစ်ယောက်ယောက်က သိုလှောင်ကန်နား မိုင်းထောင်တာမျိုးဆို ပိုဖြစ်နိုင်တယ်။ ဒါပေမဲ့၊ ဖရဲသီးတွေ တော်တော်စွန့်စားရမှာမို့ မလွယ်ဘူး။ ဆီ တင်သွင်းခွင့်ပိတ်တာကို သေချာလုပ်နိုင်ရင် အကောင်းဆုံးပဲ” ဟု ၎င်းကပြောသည်။
မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် အချိန်ကုန်လွန်နေပြီဖြစ်ကြောင်း၊ ယခုအခါ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ ထိရောက်သော အရေးယူဆောင်ရွက်ချက်ကို အထူးလိုအပ်ကြောင်း ဦးကျော်မိုးထွန်းက ဆက်လက်ပြောသည်။
ကုလသမဂ္ဂနှင့် အာဆီယံတို့အနေဖြင့် မြန်မာ့အကျပ်အတည်းအား မြန်မာ ပြည်သူများ၏ စိတ်ဆန္ဒနှင့် အကျိုးစီးပွားတို့နှင့်အညီ ရေရှည် တည်တံ့သော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် အထောက်အပံ့ပေးသော အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။
ကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော အရေးယူ လုပ်ဆောင် ချက်များကို စွမ်းဆောင်ရန် အစဉ်အဆက် ပျက်ကွက်ခဲ့ခြင်းကြောင့် ပြည်သူများက ထားရှိခဲ့သည့် ယုံကြည်ချက်နှင့် မျှော်လင့်ချက် တို့မှာ တစစ မှေးမှိန်ပျက်ပြယ်လာခဲ့သည်ဟု သံအမတ်ကြီးက ဆိုသည်။
လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက်အဆို ၂၆၆၉ရှိသော်လည်း ၎င်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိကြောင်းလည်း ဦးကျော်မိုးထွန်းက ဆက်လက်ပြောသည်။
မြန်မာပြည်သူများအနေဖြင့် နေ့စဉ်ရက်ဆက် အကြောက်တရားအောက်တွင် အသက်ရှင် နေထိုင်လျက်ရှိပြီး မည်သူတစ်ဦးတစ်ယောက်မျှ လုံခြုံဘေးကင်းမှုကို မခံစားရကြောင်းလည်း ဆိုသည်။
မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ” လေကြောင်းတိုက်ခိုက်မှုလုပ်နေတာကတော့ စစ်တပ်က ပြည်သူရှိတဲ့နေရာမှာ ရက်စက်မှာပဲ။ သူတို့က ပြည်သူကို အကြောက်တရားပေးနိုင်ဖို့ ရက်စက်တယ်လို့ပဲ ကျတော်တို့က မှတ်ချက်ပေးချင်ပါတယ်။ ဒီလိုလုပ်ရပ်တွေက ပြည်သူကို ပိုပြီး ခံပြင်းစိတ်ပိုမွေးပေးသလိုဖြစ်နေတာ ” ဟု ပြောသည်။
ဆိုးရွားလှသော အခြေအနေများ ဖြစ်ပေါ်နေစေကာမူ စစ်တပ်က ရက်စက် ကြမ်းကြုတ်မှုများ၊ လူသားမဆန်သည့် ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ဆက်လက်၍သာ ကျူးလွန်ဆဲ ကျူးလွန်မြဲဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။