By Ra Wai / MPA
စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုများအပေါ် နိုင်ငံတကာအနေနှင့် ထိရောက်သည့် အရေးယူမှု မရှိခြင်းမှာ မြန်မာပြည်သူတို့အတွက် ဝမ်းနည်းစိတ်ပျက်ဖွယ်ကောင်းကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်၊သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
စစ်အုပ်စု၏ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ တရား လက်လွတ် ကွပ်မျက်ခြင်းနှင့် ခေါင်းဖြတ်ခြင်း ကဲ့သို့သော ထပ်ခါထပ်ခါ ကျူးလွန်သည့် ထိတ်လန့်ဖွယ် ချိုးဖောက်မှုများကို ကုလသမဂ္ဂ အနေဖြင့် မှတ်တမ်းရယူထားပြီးဖြစ်ကြောင်း၊စစ်အုပ်စု၏ ဥပဒေမဲ့ ကွပ်မျက်ခြင်း ချုပ်ငြိမ်းရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတို့ အတွက် မြန်မာပြည်သူ များက ကြိုးပမ်းနေ သည့် အားစိုက်ထုတ်မှုများကို နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ထိရောက်မှုရှိသော အရေးယူ ဆောင်ရွက်ချက်များကို ချက်ချင်းလုပ်ဆောင်ပေးခြင်းဖြင့် ပံ့ပိုးကူညီပေးသင့်ကြောင်း အောက်တိုဘာ၂၈ရက်၊ ကုလသမဂ္ဂ၌ ကျင်းပသည့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တစ်ရပ်တွင် သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
“ကုလသမဂ္ဂဆိုတာ စက္ကူကျားအဖြစ်နဲ့တောင် စစ်ကောင်စီကို မဟိန်းဟောက်နိုင်တာ ကြာပါပြီ။ မြန်မာပြည်သူတွေက ကုလသမဂ္ဂအပေါ်စိတ်ပျက်ရုံတင်မကဘူး။ကုလသမဂ္ဂရှိနေတယ်ဆိုတာကို အ ယုံအကြည်မရှိတော့တာပါ။ ကုလသမဂ္ဂရဲ့ တာဝန်ပျက်ကွက်မှုတွေဟာ မြန်မာနွေဦးတော်လှန်ရေးသ မိုင်းမှာ အကောင်းဆုံးရေးထိုးခဲ့တဲ့ မော်ကွန်းတစ်စောင်ပါပဲ” ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
စစ်ကောင်စီသည် ပြည်သူများ၏ ဒီမိုကရေစီ မျှော်မှန်းချက်များကို ဖိနှိပ်ရန် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်လာကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။
“နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီသတ်လို့ မြန်မာပြည်သူတွေသေနေတာကို ကြည့်ကောင်း ကောင်းနဲ့ကြည့်နေကြတော့ စစ်တပ်က သူတို့လုပ်နိုင်တဲ့ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ခြင်းကို တိုးလုပ်လာတာ မဆန်းဘူး” ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ဆက်လက်ပြော သည်။
ဆက်လက်ပြီး သံအမတ်ကြီးက မြန်မာနိုင်ငံတွင် စစ်အုပ်စုက မြန်မာပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိပြီး လက်ရှိ ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး အကျပ်အတည်းကို ပိုမို ဆိုးရွားစေကာ မရေမတွက်နိုင်သော လူတစ်ဦးတစ်ယောက်ချင်းစီ၏ အခြေခံ အခွင့်အရေးများကို ထိခိုက်စေလျက်ရှိကြောင်းလည်း ဆိုသည်။