နှစ်နိုင်ငံကမ်းခြေစောင့်တပ်များ၏ ရေယာဉ်များတိုက်မိမှု ဖြစ်ပွားပြီးနောက် ဖိလစ်ပိုင်က တရုတ်ကြောင့်ဟုစွပ်စွဲထားစဉ် အမေရိကန်နှင့် ဂျပန်တို့က မနီလာအစိုးရကိုထောက်ခံကူညီသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၃၁ ရက်က ပြောသည်။
တောင်တရုတ် ပင်လယ်တွင်းရှိ အငြင်းပွားနေသော ရေအောက်သောင်အနီးတွင် နှစ်နိုင်ငံ ကမ်းခြေစောင့်တပ်သင်္ဘောများ ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက် ဘေဂျင်းနှင့် မနီလာတို့ အပြန်အလှန် အပြစ်တင်နေကြခြင်းဖြစ်သည်။
နှစ်ဖက်သင်္ဘောများထိပ်တိုက်တွေ့မှုအတွင်း မိမိတို့သင်္ဘောထိခိုက်ပျက်စီးသွားကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက မိမိတို့သည် တောင်တရုတ်ပင်လယ် တစ်စိတ်တစ်ပိုင်းနှင့် သက်ဆိုင်နေပြီး တောင်တရုတ်ပင်လယ်၌ ယမန်နေ့ကဖြစ်ပွားသော ဖြစ်ရပ် အပါအဝင် ဖြစ်ပွားခဲ့သည့်အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားသည်။
တောင်တရုတ်ပင်လယ်အတွင်း လက်ရှိအခြေအနေကို တစ်ဖက်သတ်ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှကို ဂျပန်ကဆန့်ကျင်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုလိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖိလစ်ပိုင်၏ ရေပြင်ဆိုင်ရာ တရားဝင် လုပ်ဆောင်ချက်များအား တရုတ်ကတရားမဝင်အန္တရာယ်ရှိအောင် တင်းမာမှုအရှိန်မြင့်တက်အောင် လုပ်ဆောင်နေမှုများအား ဆန့်ကျင်ကြောင်း ပြောကြားသည်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ရန်စမှုများ ပိုများလာနေစဉ် မနီလာနှင့် ပူးပေါင်းပြီး တု့န်ပြန်ရန်ရွေးချယ်စရာများစွာကို အမေရိကန်တပ်ဖွဲ့များက ကြိုတင်ပြင်ဆင်ထားကြောင်း ဝါရှင်တန်က ပြောကြားသည်။
အမေရိကန်အနေဖြင့် ဖိလစ်ပိုင်ကို နိုင်ငံခြားတစ်နိုင်ငံက တိုက်ခိုက်လာပါက ကာကွယ်ပေးရေး နှစ်နိုင်ငံလုံခြုံရေး သဘောတူညီချက်အရ တာဝန်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာရီကေး ကာဆင်ကလည်း တရုတ်၏ အန္တရာယ်ရှိသော နိုင်ငံတကာဥပဒေချိုးဖောက်မှုများကို ကန့်ကွက်ကြောင်း ပြောဆိုထားသည်။
တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု တရုတ်ကပြောဆိုထားပြီး ဖိလစ်ပိုင် အပါအဝင် အခြားအရှေ့တောင်အာရှ နိုင်ငံများကလည်း ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားသည်။
တောင်တရုတ်ပင်လယ်ကိုပိုင်ဆိုင်သည်ဟု တရုတ်၏ပြောဆိုမှုမှာ တရားမဝင်ကြောင်း နိုင်ငံတကာ အငြင်းပွားမှုတရားရုံးက ၂၀၁၆ ခုနှစ်အတွင်း ဆုံးဖြတ်ခဲ့သော်လည်း ဘေဂျင်းအစိုးရက ဂရုမစိုက်ဘဲ စိတ်ကြိုက်လှုပ်ရှားနေခြင်း ဖြစ်သည်။
ဖိလစ်ပိုင်း၏ ထောက်ပံပို့ဆောင်ရေး ရေယာဉ်များကို တရုတ်ကမကြာခဏတားစီး နှောင့်ယှက်နေစဉ် အမေရိကန်က ၎င်းတို့လိုက်ပါစောင့်ကြပ်ပေးမည်ဟု ကမ်းလှမ်းထားသည်။