နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC)က ရုရှားသမ္မတပူတင်ကိုဖမ်းဆီးရေး ဝရမ်းထုတ်ပြီးနောက် အဆိုပါတရားရုံးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံသို့ ပထမဆုံးသွားရောက်မည့်ခရီးစဉ်အဖြစ် လာမည့် သီတင်းပတ်ခရီးစဉ်အတွင်း ၎င်းအားဖမ်းဆီးရန် မွန်ဂိုလီးယားကို ယူကရိန်းက တိုက်တွန်းလိုက်သည်။
ပူတင်သည် စစ်ရာဇဝတ်မှုများအတွက်တာဝန်ရှိသည်ဟု ICC က ပြောကြားထားသလို စစ်ပွဲစတင်ပြီးနောက်ပိုင်း ယူကရိန်းကလေးငယ်များကို ရုရှားသို့ တရားမဝင်ပို့ဆောင်မှုအား တားဆီးရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲထားသည်။
မွန်ဂိုလီးယား အရာရှိများအနေဖြင့် ICC ၏ ဥပဒေများကိုလိုက်နာရန် တာဝန်ရှိသော်လည်း မဖြစ်မနေ ဖမ်းဆီးရန်လိုအပ်သည်ဆိုသည့် သဘောမဟုတ်ကြောင်း ICC ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကဆိုသည်။
စက်တင်ဘာလ ၃ ရက်တွင် သွားရောက်မည့် အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ စိုးရိမ်မှုမရှိကြောင်း ကရင်မလင် နန်းတော်က ပြောဆိုထားသည်။
မိမိတို့အနေဖြင့် မွန်ဂိုလီးယာရှိ လက်တွဲဖော်များနှင့်တိုင်ပင်ပြီး သမ္မတ၏ ခရီးစဉ်အတွက် ဂရုတစိုက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ပြောကြားသည်။
မွန်ဂိုလီးယား အပါအဝင်တရားရုံးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားရုံးတည်ထောင်ခဲ့သည့် သဘောတူညီမှု၏ သတ်မှတ်ချက် အပိုဒ် ၉ ကိုလိုက်နာရန် တာဝန်ရှိသည်ဟု ICC ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖာဒီအယ်လ် အဘဒယ်လာ က ပြောကြားသည်။
သံသယရှိသူများအားဖမ်းဆီးရန် ICC တွင် အာဏာမရှိဘဲ အဖွဲ့ဝင်နိုင်ငံများအတွင်း တရားစီရင်မှုများကိုသာ အသုံးချနိုင်သည်။
ICC က ဖမ်းဝရမ်း ထုတ်ပြီးနောက်ပိုင်း ပူတင်သည် တောင်အာဖရိကသို့ သွားရောက်မည့် ခရီးစဉ်အား ပြီးခဲ့သည့်နှစ်ကဖျက်သိမ်းခဲ့ဖူးသည်။
ထိုစဉ်က တောင်အာဖရိက သမ္မတ ရာမာဖိုဆာက တောင်အာဖရိကနယ်နိမိတ်အတွင်း သံသယ ရှိသူများအား ဖမ်းဆီးသင့်သော်လည်း ပူတင်ကိုဖမ်းဆီးလိုက်ပါက ရုရှားအပေါ် စစ်ကြေညာသလို မော်စကိုက မှတ်ယူလိမ့်မည်ဟု ပြောကြားခဲ့သည်။
ရုရှားက ၎င်းတို့ အပေါ်တင်ထားသည့် စွပ်စွဲချက်များအား ပယ်ချပြီး ICC ၏ ဖမ်းဝရမ်း ထုတ်မှုသည် ဒေါသထွက်စရာဖြစ်သည်ဟု ယခင်က ပြောဆိုခဲ့သည်။
ပူတင်သည် စစ်ရာဇဝတ်ကောင်တစ်ဦးဖြစ်သည် ဆိုသည်ကို မွန်ဂိုလီးယား အရာရှိများ သတိထားမိလိမ့်မည်ဟု မိမိတို့မျှော်လင့်ပြီး ၎င်းအားဖမ်းဆီးကာ သည်ဟေ့ဂ်မြို့ရှိ အစိုးရရှေ့နေများထံ လွှဲအပ်ရေး ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်းထားသည်။