အားပြင်းသည့် တိုင်ဖွန်းမုန်တိုင်းတစ်လုံး ဂျပန်နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လူသုံးဦးသေဆုံးခဲ့ကြောင်း အရာရှိများက အတည်ပြုထားသည်။
ရှန်ရှန်ဟုအမည်ပေးထားသည့် တိုင်ဖွန်းမုန်တိုင်းသည် ဂျပန်နိုင်ငံတောင်ပိုင်း ကျူရှူကျွန်းပေါ်ရှိ ကာဂိုရှီမာဒေသသို့ ဩဂုတ် ၂၉ ရက်၊ ဒေသစံတော်ချိန် နံနက် ၈ နာရီက စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီ(JMA)ကပြောသည်။
အဆိုပါအေဂျင်စီက ဖျက်အားအပြင်းဆုံးမုန်တိုင်းများအတွက် သတိပေးချက်များကဲ့သို့ ရှားရှားပါးပါး အထူးသတိပေးချက်ထုတ်ပြန်ထားပြီး မြေပြိုမှုများ၊ ရေကြီးရေလျှံမှုများနှင့် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
အဆိုပါကျွန်းကိုမုန်တိုင်းဝင်ရောက်ချိန် လေတိုက်နှုန်းမှာတစ်နာရီလျှင် ၁၅၈ မိုင်နှုန်းရှိကြောင်း သိရပြီး သစ်ပင်များပြိုလဲခြင်း လူနေအိမ်များပျက်စီးခြင်းတို့အပြင် အသက် ၇၀ ကျော်စုံတွဲတစ်တွဲနှင့် အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးတို့သေဆုံးခဲ့ကြောင်း ဂျပန်အရာရှိများက ပြောသည်။
၎င်းတို့စုံတွဲသည် မုန်တိုင်းမဝင်ရောက်မီ ဩဂုတ်လ ၂၈ ရက်၊ ညနေပိုင်းက ဂျပန်နိုင်ငံအလယ်ပိုင်းရှိ ဂါမာဂိုရီဒေသတွင် နေအိမ်ရေထဲမျောပါသွားသော မိသားစုဝင်ငါးဦးအနက်မှာ နှစ်ဦးဖြစ်သည်။
လူ ၁၂ ဒဿမ ၅ သန်းနေထိုင်သည့် ကျူရှူကျွန်း၏ ဒေသအချို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၆၀၀ မီလီမီတာအထိရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။
လက်ရှိတွင် လူနေအိမ် ၂၅,၅၀၀ ခန့် လျပ်စစ်မီးပြတ်တောက်နေကြောင်း အဆိုပါကျွန်း၏ ဓာတ်အားပေးလုပ်ငန်းက ပြောကြားသည်။
ကာဂိုရှီမာနှင့် မီယာဇာကီဒေသတို့တွင်လည်း မုန်တိုင်းကြောင့် ဒဏ်ရာရရှိသူ အနည်းဆုံး ၃၉ ဦး ရှိကြောင်း NHK သတင်း၌ ဖော်ပြထားသည်။
တိုယိုတာနှင့် နစ်ဆန်းတို့ကဲ့သို့ ကားကုမ္ပဏီကြီးများက အလုပ်သမားများ ဘေးကင်းရေးအတွက် သြဂုတ်လ ၂၉ ရက်တွင် ၎င်းတို့၏ စက်ရုံများအား ပိတ်ထားကြောင်း သိရသည်။
ဂျပန် တောင်ပိုင်းသို့ အဝင်အထွက်လေကြောင်းခရီးစဉ် ရာပေါင်းများစွာကိုလည်း ဖျက်သိမ်းထားပြီး မြန်နှုန်းမြင့် ရထားဝန်ဆောင်မှုအချို့ကိုလည်း ရပ်ဆိုင်းထားသည်။
ယခု သီတင်းပတ်အစောပိုင်းက ဂျပန်နိုင်ငံ၏ အဓိကကျွန်း ဟွန်ရှူပေါ်ရှိ ရှီဇူအိုကာဒေသမှ လူပေါင်း ၈၁၀,၀၀၀ ကို ဒေသဆိုင်ရာအစိုးရက ဘေးကင်းရာသို့ပြောင်းရွှေ့ရေး အကြံပေးခဲ့သည်။
ကာဂိုရှီမာဒေသရှိ နောက်ထပ် လူပေါင်း ၅၆,၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်းရေး ညွှန်ကြားထားကြောင်း မီးသတ်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ပြောကြားသည်။
မုန်တိုင်းသည် သီတင်းပတ်ကုန်ရက်များတွင် မြို့တော်တိုကျို အပါအဝင် နိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းသို့ ရွေ့လျားတိုက်ခတ်နိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထားသည်။
တိုင်ဖွန်းမုန်တိုင်းများသည် ဒေသတွင်းကမ်းရိုးတမ်းဒေသများတလျောက် ဖြစ်ပေါ်နေပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် ပြင်းထန်မှုပိုများလာပြီး ကုန်းတွင်း၌ တိုက်ခတ်ချိန် ပိုမိုကြာမြင့်လာကြောင်း ပြီးခဲ့သည့်လကဖော်ပြသော လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။