အငြင်းပွားမှုဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ် ရေပိုင်နက်၊ ရေအောက်သောင်တစ်ခုနှင့် ပတ်သက်၍ ဘေဂျင်းနှင့် မနီလာကြား တင်းမာမှုမြင့်တက်နေစဉ် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက တရုတ်သည် အရှေ့တောင်အာရှတွင် ငြိမ်းချမ်းရေးကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ နိုင်ငံဖြစ်ကြောင်း ဩဂုတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၁၂ လအတွင်း အဆိုပါရေလမ်းကြောင်းတွင် တရုတ်နှင့် ဖိလစ်ပိုင်သင်္ဘောများကြား အကြိမ်ကြိမ် ထိပ်တိုက်တွေ့မှုများရှိခဲ့ပြီးနောက် အမေရိကန် အင်ဒို-ပစိဖိတ်ဌာနချုပ်၌ ဂီလ်ဘာတို တီယိုဒိုရိုက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်အပါအဝင် အခြားသောနိုင်ငံများက ၎င်းတို့လည်းပိုင်ဆိုင်ကြောင်း ပြောဆိုမှုများကို ပယ်ချကာ ဘေဂျင်းက တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့အပိုင်ဖြစ်သည်ဟု ပြောဆိုထား သည်။
နိုင်ငံတကာအငြင်းပွားမှုဖြေရှင်းရေးတရားရုံးက ဘေဂျင်း၏ အဆိုပါပြောဆိုမှုများသည် ဥပဒေနှင့် မညီဟု ဆုံးဖြတ်ခဲ့သော်လည်း ဘေဂျင်းက ဂရုမစိုက်ဘဲ စိတ်ရှိတိုင်းလှုပ်ရှားဆောင်ရွက်နေသည်။
နိုင်ငံ၏ကမ်းရိုးတန်းရေပြင်မှနေ၍ ရေမိုင် ၂၀၀ ခန့် ကျယ်ပြန့်သည့် ဖိလစ်ပိုင်အထူး စီးပွားရေးဇုန်ထဲရှိ သန္တာကျောက်တန်းများနှင့် ရေပြင်တို့ကိုလည်း တရုတ်က ၎င်းတို့အပိုင်ဖြစ်သည်ဟု ပြောဆိုထားသည်။
“တရုတ်ဟာ အာဆီယံဒေသတွင်းမှာ နိုင်ငံတကာငြိမ်းချမ်းရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ နိုင်ငံဖြစ်ပါတယ်” ဟု တီယိုဒိုရိုက ပြောကြားသည်။
တရုတ်က အသွားအလာများသော အဆိုပါရေလမ်းကြောင်းကို ကင်းလှည့်ရန် အင်အားတိုးမြှင့်ချထားပြီး ၎င်းတို့ပိုင်ဆိုင်ကြောင်းပြောဆိုမှုအတွက် ကာကွယ်ရန် စစ်အင်အားချထားနိုင်မည့် ကျွန်းအတုများလည်း တည်ဆောက်ထားသည်။
မိမိတို့ အနေဖြင့် အင်အားပိုကြီးသောရန်သူနိုင်ငံနှင့် ညှိနှိုင်းဖြေရှင်းရန် အခက်ကြုံနေပြီး အခြား နိုင်ငံများကလည်း တရုတ်၏တရားမဝင်လုပ်ရပ်များရပ်တန့်သွားသည်အထိ ဖိအားပေးရန် လိုအပ်ကြောင်း တီယိဒိုရိုက သတင်းထောက်များအား ပြောကြားသည်။
ဖိလစ်ပိုင်က ရေအောက်သောင် တစ်ခုအနီးတွင်းချထားသည့် သင်္ဘောပျက်ကြီးပေါ်ရှိ ၎င်းတို့ တပ်ဖွဲ့ဝင်များထံ ထောက်ပံ့ရေးစေလွှတ်လိုက်သည့် သင်္ဘောများကို တရုတ်ကမ်းခြေစောင့်တပ်က တားဆီး ရန်စမှုများပြုလုပ်နေသည်။
ဖိလစ်ပိုင် သင်္ဘောများအား တရုတ်ကခြိမ်းခြောက်ခြင်း မီးသတ်ပိုက်များဖြင့်ထိုးကာရန်စခြင်းများ ပြုလုပ်နေပြီး နောက်ဆုံးဖြစ်ရပ်တစ်ခုတွင် ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ကမ်းခြေစောင့် တပ်သင်္ဘောများက တမင်တကာဝင်တိုက်မှုများ ရှိခဲ့သည်။
အငြင်းပွားနေသောရေပြင်၌ တရုတ်၏လုပ်ရပ်များကို ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာ အစိုးရက ဆန့်ကျင်ကန့်ကွက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှု သိသိသာမြင့်တက်လာနေသည်။
ဇွန်လက နှစ်ဖက်ထိပ်တိုက်တွေ့မှုအတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦး လက်မ ပြတ်သွားခဲ့ပြီး တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်ပစ္စည်းကိရိယာများအား သိမ်းယူခဲ့သည်။