တယ်လီဂရမ်အမှုဆောင်အရာရှိချုပ် ပါဗဲလ်ဒူရို့ဗ်ကို ပါရီမြို့မြောက်ဘက် လေဆိပ်တစ်ခုတွင် ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
လီဘောဂတ်လေဆိပ်၌ ၎င်း၏ကိုယ်ပိုင်လေယာဉ်ဆင်းသက်ပြီးနောက် ရဲတပ်ဖွဲ့က မစ္စတာ ပါဗဲလ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်မီဒီယာများကဖော်ပြထားသည်။
လူကြိုက်များသော မက်ဆေ့ချ်ပေးပို့ရေး အက်ပလီကေးရှင်း တယ်လီရမ်နှင့် ဆက်စပ်သည့် ဥပဒေချိုးဖောက်မှုများကြောင့် အသက် ၃၉ နှစ်အရွယ် မစ္စတာ ပါဗဲလ်ကို ရဲတပ်ဖွဲ့ကဝရမ်းဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အရာရှိများက ပြောသည်။
အခြေအနေကိုရှင်းလင်းရန် ပြင်သစ်ရှိ ရုရှားသံရုံးက ချက်ချင်းအရေးယူဆောင်ရွက်နေကြောင်း ရုရှား နိုင်ငံပိုင် TASS သတင်းဌာနက ဖော်ပြသည်။
မစ္စတာ ဒူရို့ဗ်သည် ၎င်း၏ကိုယ်ပိုင်လေယာဉ်ဖြင့် ပြင်သစ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြင်သစ် ရုပ်သံသတင်းဌာန French TV က ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
တယ်လီဂရမ်သည် အထူးသဖြင့် ရုရှား၊ ယူကရိန်းနှင့် ဆိုဗီယက် ပြည်ထောင်စုနိုင်ငံဟောင်းများ၌ လူကြိုက်များသော အက်ပလီကေးရှင်း ဖြစ်သည်။
အသုံးပြုသူများ၏ အချက်အလက်များအား လွှဲပြောင်းပေးရန် မစ္စတာ ဒူရို့ဗ်ကငြင်းဆိုမှုကြောင့် ရုရှားနိုင်ငံ၌ အဆိုပါ အက်ပလီကေးရှင်းကို ၂၀၁၈ က တားမြစ်ခဲ့သော်လည်း အဆိုပါ တားမြစ်မှုကို ၂၀၂၁ က ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
တယ်လီဂရမ်သည် Facebook၊ YouTube၊ WhatsAp၊ Instagram၊ TikTok နှင့် Wechat တို့ပြီးနောက် အဓိကလူမှုမီဒီယာပလက်ဖောင်များအနက်တစ်ခု ဖြစ်သည်။
မစ္စတာ ဒူရို့ဗ်က တယ်လီဂရမ်ကို ၂၀၁၃ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး ၎င်း၏ VKontakte လူမှုမီဒီယာ၌ အတိုက်အခံများ၏ ဖော်ပြချက်များအားတားမြစ်ရန် အစိုးရ၏အမိန့်ကို ပယ်ချခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ရုရှားမှထွက်ခွာလာခဲ့သူလည်းဖြစ်သည်။
နောက်ပိုင်းတွင်း ၎င်းက VKontakte လူမှုမီဒီယာကို အခြားလုပ်ငန်း တစ်ခုသို့ရောင်းချခဲ့သည်။