တောင်တရုတ်ပင်လယ်အတွင်း နှစ်ဖက်တင်းမာမှုများအား လျှော့ချရန်နှင့် သဘောထားကွဲလွဲမှုများအားဖြေရှင်းရန် တရုတ်နှင့် ဖိလစ်ပိုင် သဘောတူညီခဲ့ပြီးနောက် နှစ်နိုင်ငံသင်္ဘောများ တိုက်မိမှုဖြစ်ပွားခဲ့ပြီး အပြန်အလှန်အပြစ်တင်စွပ်စွဲနေကြသည်။
အငြင်းပွားမှုဖြစ်ပွားနေသည့် ရေပြင်တွင် ဩဂုတ် ၁၉ ရက်၊ နံနက်ပိုင်းက မိမိတို့အကြိမ်ကြိမ်သတိပေးမှုကို ဖိလစ်ပိုင်သင်္ဘောက လျစ်လျူရှုပြီး တမင်တကာ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်က ကြေညာချက်တစ်ရပ်၌ ဖော်ပြထားသည်။
သိမ်းပိုက်ထားသည့် ကျွန်းနှစ်ကျွန်းပေါ်တွင် စခန်းချထားသည့် ဖိလစ်ပိုင်စစ်သားများအတွက် ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်ရန် ကြိုးပမ်းရာတွင် မိမိတို့၏ သင်္ဘောနှစ်စီးကို တရုတ် ကမ်းခြေစောင့်တပ်သင်္ဘောများက ဥပဒေနှင့်မညီဘဲ ရန်စတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်က ပြန်လည်ပြောဆိုခဲ့သည်။
တရုတ်သင်္ဘောများ၏ အန္တရာယ်ရှိသော မောင်းနှင်မှုကြောင့် ဖိလစ်ပိုင်သင်္ဘောနှစ်စီးလုံး ထိခိုက် ပျက်စီးခဲ့ရကြောင်း ဖိလစ်ပိုင်ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်၏လုပ်ရပ်များကို အမေရိကန်က ပြစ်တင်ရှုတ်ချထားပြီး ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မာရီကေးကလာဆင်က တရုတ်ကိုပြစ်တင်ရှုတ်ချထားသည့် မနီလာအစိုးရနှင့်အတူ မိမိတို့ ရပ်တည်ကြောင်း လူမှုမီဒီယာပေါ်၌ ရေးသားထားသည်။
သြဂုတ်လ ၁၉ ရက်၊ နံနက် ၃ နာရီ ၂၄ မိနစ်က နှစ်ဖက်သင်္ဘောနှစ်စီးတိုက်မိပြီးနောက် ၁၆ မိနစ် အကြာတွင် တရုတ်ကမ်းခြေစောင့် တပ်သင်္ဘောက ဖိလစ်ပိုင်သင်္ဘောအား နှစ်ကြိမ်ဝင်တိုက် ပစ်ခဲ့သည်ကို မြင်တွေ့ရသည်။
တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်သည်ဟု ပြောဆိုထားသော တရုတ်နှင့် ဖိလစ်ပိုင်ကြား တင်းမာမှုများ မြင့်တက်လာသောကြောင့် အမေရိကန်ပါဝင်သည့် စစ်ပွဲ တစ်ပွဲ တောင်တရုတ်ပင်လယ်၌ ဖြစ်လာနိုင်သည်ဆိုသော စိုးရိမ်မှုများလည်းထွက်ပေါ်နေသည်။
မိမိတို့နှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုရယူထားသော ဖိလစ်ပိုင်တိုက်ခိုက်ခံရပါက ကာကွယ်ပေးမည်ဟု အမေရိကန်က ပြောဆိုထားသည်။
ဖိလစ်ပိုင်နှင့် အမေရိကန်ကြား စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေသလို ဖိလစ်ပိုင်က ဂျပန်နှင့်လည်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်။
ဖိလစ်ပိုင်သမ္မတ မားကို့စ်က မိမိတို့နယ်မြေတစ်လက်မကိုမှ ကျူးကျော်ခွင့်ပြုမှာမဟုတ်ကြောင်း ကြွေးကြော်ထားပြီး ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးကလည်း ပဋိပက္ခများအတွင်း တရုတ်နိုင်ငံ အသုံးပြုသည့် အင်အားအတိုင်း တုန့်ပြန်သွားမည်ဟု ယခင်ထိပ်တိုက်တွေ့မှုများအပြီး ပြောကြားခဲ့သည်။