အီရန်နှင့် ၎င်း၏ ကိုယ်စားတပ်ဖွဲ့များက အစ္စရေးကို လာမည့် ၂၄ နာရီအတွင်း ကြီးကြီးမားမား တိုက်ခိုက်လာနိုင်သဖြင့် အမေရိကန်က ပြင်ဆင်မှုများပြုလုပ်နေကြောင်း အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ သတင်းရင်းမြစ်များက Fox News သတင်းဌာန နိုင်ငံခြားသတင်းထောက် ထရေးယင်းစ်အား သြဂုတ်လ ၁၂ ရက်က ပြောကြားသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့က ပူးတွဲကြေညာချက်ထုတ်ပြီး ဒေသတွင်း တိုက်ခိုက်မှုများ မလုပ်ဆောင်ရန် အီရန်ကို သတိပေးထားသည်။
ဟားမာ့စ်အဖွဲ့ခေါင်းဆောင် သတ်ဖြတ်ခံရမှုနှင့် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တွင် ဟစ်ဇ်ဘိုလာ အဖွဲ့ ထိပ်တန်းတပ်မှူးတစ်ဦးလုပ်ကြံသတ်ဖြတ်ခံရမှုတို့အတွက် အစ္စရေးအပေါ်လက်စားချေမည်ဆိုသော ခြိမ်းခြောက်မှုများ ထွက်ပေါ်နေစဉ် အရှေ့အလယ်အပိုင်းဒေသ၌ ပိုမိုကျယ်ပြန့်သည့် စစ်ပွဲကြီး တစ်ပွဲဖြစ်လာနိုင်သည်ဆိုသော စိုးရိမ်မှုများ ထွက်ပေါ်နေသည်။
ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်နည်းဖြင့် အပူတပြင်း ကြိုးပမ်းနေချိန်တွင် အထက်ပါ လုပ်ကြံသတ်ဖြတ်မှုများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း တင်းမာမှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။
အမေရိကန်က အစ္စရေးကိုကာကွယ်ပေးမည်ဟု အကြိမ်ကြိမ်ကတိပြုထားပြီး အရှေ့အလယ်ပိုင်း ဒေသသို့ လေယာဉ်တင်သင်္ဘောနှင့် ရေငုပ်သင်္ဘောတို့ စေလွှတ်ထားကြောင်း သိရသည်။
ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့၏ ပူးတွဲကြေညာချက်တွင် အီရန်အနေဖြင့် တိုက်ခိုက်မှုများ မလုပ်ဆောင်ရန်နှင့် ဒေသတွင်းတင်းမာမှုမြင့်တက်စေနိုင်သည့် အပြုအမူများအား ရှောင်ရှားရန် တိုက်တွန်းထားသည်။
အီရန်အနေဖြင့် တိုက်ခိုက်မှုတစ်ခုခုပြုလုပ်ခဲ့ပါက ဂါဇာအပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများ အချည်းနှီးဖြစ်သွားနိုင်ကြောင်း အနောက်အင်အားကြီး သုံးနိုင်ငံ၏ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။