တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက သြဂုတ် ၁၃ ရက်က ကြေညာသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဝမ်ယိသည် မြန်မာနိုင်ငံခရီးစဉ်ပြီးနောက် ထိုင်းနိုင်ငံသို့ သွားရောက်ကာ ၉ ကြိမ်မြောက် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံကြား အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ နှစ်နိုင်ငံရင်းနီးခင်မင်မှု ပိုမိုခိုင်မြဲစေရေးရည်ရွယ်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးအား ဝင်မစွက်ရေးမူကို တင်းတင်းကျပ်ကျပ်လိုက်နာပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ ဘဝ အခြေအနေတိုးတက်လာစေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများကြား သဘောထားကွဲလွဲမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှနေ၍ နိုင်ငံရေးအရ ညှိနှိုင်း ဆွေးနွေးမှုများတွင် အပြုသဘော ပါဝင်ကူညီရေးရည်ရွယ်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းသည် သြဂုတ်လ ၁၄ ရက်မှ ၁၇ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သည်။
ဘေဂျင်းအစိုးရသည် လတ်တလော မြန်မာနိုင်ငံနှင့်ပတ်သက်၍ သံတမန်ရေးခြေလှမ်းများ ခပ်စိတ်စိတ် လှမ်းလာနေသည်ကို မြင်တွေ့ရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ၁၉၉၅ မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့၊ တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မစ္စ မာကျားကိုခန့်အပ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းတွင် ဘေဂျင်းအစိုးရက ကြေညာခဲ့သည်။
၎င်းသည် ပါကစ္စတန်၊ စင်ကာပူ၊ ဂျပန်၊ ဗြိတိန်၊ မြောက်အိုင်ယာလန်၊ မလေးရှားနှင့် အိန္ဒိယတို့ရှိ တရုတ်သံရုံးများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ထို့ပြင် တရုတ်၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော နောက်ထပ် သံတမန်ရေး ခြေလှမ်းတစ်ခုအဖြစ် မန္တလေးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်တစ်ဦးကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းက ခန့်အပ်ခဲ့သည်။
တရုတ် အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ သံတမန်ရာထူးများတွင် အမျိုးသမီးများအား ခန့်ထားလာသည်ကို တွေ့ရသည်။
မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်အဖြစ် မစ္စကောင်းဖျင်အား ခန့်အပ်ကြောင်းနှင့် ၎င်း၏ ရာထူးခန့်အပ်လွှာကို နေပြည်တော်ရှိ စစ်ကောင်စီလာက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအား ပေးအပ်ခဲ့ကြောင်း သိရသည်။
![](https://mpapress.com/wp-content/uploads/2024/08/signal-2024-08-13-170320_002-1024x576.jpeg)
![](https://mpapress.com/wp-content/uploads/2024/08/signal-2024-08-13-165406_002-1024x581.jpeg)
![](https://mpapress.com/wp-content/uploads/2024/08/signal-2024-08-13-170320_003-1024x717.jpeg)