ရာထူးမှနုတ်ထွက်သွားသည့် ဝန်ကြီးချုပ်ရှိတ်ခ်ဟာဆီနာ၏ ကာလရှည် နိုင်ငံရေးရန်ဖက်ဖြစ်သော နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်မူဟာမက်ယူနက်စ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယာယီခေါင်းဆောင် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။
လူအများအပြားသေဆုံးမှုရှိသော ဆန္ဒပြပွဲများကြောင့် ရာထူးမှနုတ်ထွက်လိုက်ရသည့် မစ္စဟာဆီနာ နိုင်ငံတွင်းကထွက်ပြေးသွားပြီးနောက် တစ်ရက်အကြာတွင် အသက် ၈၄ နှစ်အရွယ် မူဟာမက် ယူနက်စ်ကို အဆိုပါရာထူးခန့်အပ်လိုက်ခြင်း ဖြစ်သည်။
ပါမောက္ခ ယူနက်စ်သည် အသေးစားချေးငွေလုပ်ငန်း ဦးဆောင်လုပ်ကိုင်မှုအတွက် လူအများ၏ ချီးကျူးခြင်းခံခဲ့ရသော်လည်း မစ္စစ်ဟာဆီနာက ၎င်းကို ပြည်သူ့ရန်သူတော်အဖြစ် သတ်မှတ်ခဲ့သည်။
၎င်းသည် လောလောဆယ် ထောင်ခြောက်လ ချမှတ်ခံထားရသော်လည်း အာမခံဖြင့် လွတ်မြောက်နေသူ ဖြစ်သည်။
ဆန္ဒပြပွဲများကို ဦးဆောင်နေသည့် ကျောင်းသားများက စစ်တပ်ဦးဆောင်သော အစိုးရကို အလိုမရှိဟု ပြောကြားပြီး ပါမောက္ခယူနက်စ်ကို ယာယီအစိုးရအဖွဲ့၏ အတိုင်ပင်ခံအဖြစ် ခန့်အပ်ရေး တွန်းအား ပေးခဲ့ကြသည်။
သမ္မတ မိုဟာမက်ရှာဟာဘူဒင်၊ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီးနောက် အတိုင်ပင်ခံရာထူးခန့်အပ်မည့် ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
“အရမ်းအများကြီး စွန့်လွှတ်အနစ်နာခံထားကြတဲ့ ကျောင်းသားတွေက ကျွန်တော့်ကို ဒီခက်ခဲတဲ့ လမ်းဆုံလမ်းခွ အခြေအနေမှာ ကြားဝင်ပေးဖို့ တောင်းဆိုလာတော့ ကျွန်တော့် အနေနဲ့ ဘယ်လို ငြင်းလို့ရမှာလဲ” ဟု ပါမောက္ခယူနက်စ်က ပြောကြားသည်။
လက်ရှိ ပါမောက္ခယူနက်စ်သည် ပါရီမြို့သို့သွားရောက်ကာ အသေးစား ဆေးဝါးကုသမှုခံယူပြီးနောက် ဒါကာသို့ ပြန်လာနေပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
အစိုးရ အလုပ်အကိုင်များ အချိုးကျခွဲဝေရေးအစီအစဉ်ကို ကျောင်းသားများကန့်ကွက်ဆန္ဒပြရာမှ အကြမ်းဖက်မှုများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဝန်ကြီးချုပ်လည်း အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
အစိုးရ တပ်ဖွဲ့များနှင့် ဆန္ဒပြသူများကြား ဖြစ်ပွားသော ပဋိပက္ခများအတွင်း လူ ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ပါမောက္ခ ယူနက်စ်သည် ဘဏ်တည်ထောင်ပြီး ဆင်းရဲသားများလုပ်ငန်း လုပ်ကိုင်နိုင်စေရန် အသေးစားချေးငွေရေရှည်ထုတ်ပေးသည့် လုပ်ရပ်ကြောင့် နိုဗယ်ငြိမ်းချမ်းရေး ဆုချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။
သို့သော် ၎င်း၏ဘဏ်သည် အတိုးများစွာရယူနေပြီး ဆင်းရဲသားများအား ဂုတ်သွေးစုပ်နေသည်ဟု မစ္စစ်ဟာဆီနာက စွပ်စွဲခဲ့သည်။
မစ္စစ် ဟာဆီနာလက်ထက်တွင် အတိုက်အခံ နိုင်ငံရေးသမားရာနှင့်ချီပြီး အကျဉ်းချခံခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီက ၎င်း၏လက်ထက်တွင် လွတ်လပ်မျှတသော ရွေးကောက်ပွဲ ကျင်းပ နိုင်ခဲ့ခြင်းမရှိဟု ပြောဆိုထားသည်။