တရုတ်နှင့် ရေပိုင်နက်ဆိုင်ရာ တင်းမာမှုအပေါ် လျင်မြန်စွာ တုံ့ပြန်နိုင်ရန်အတွက် ဖိလစ်ပိုင်နှင့် အမေရိကန်နိုင်ငံတို့အကြား ပုံမှန်ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဇူလိုင် ၃၀ ရက် တွင် ပြောကြားလိုက်သည်။
မနီလာမြို့၌ ဖိလစ်ပိုင်သမ္မတ မားကို့စ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် တို့တွေ့ဆုံစဥ် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီလိုဆက်ဆံရေးတွေ ပွင့်လင်းလာတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒါမှ ကျတော်တို့ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်မယ်” ဟု မားကို့စ်က ပြောသည်။
၎င်းအပြင် ဘလင်ကန်နှင့် အော်စတင် တို့ကလည်း တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး နိုင်ငံတကာဥပဒေများကို လိုက်နာရန်နှင့် အမေရိကန်၏ ကတိကဝတ်များကို မားကို့စ်နှင့် ဆွေးနွေးပြောဆိုခဲ့ကြသည်။
“ကျနော်တို့ရဲ့ အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ်အရ ဖိလစ်ပိုင်နိုင်ငံအပေါ် အမေရိကန်ရဲ့ ခိုင်မာတဲ့ ကတိကဝတ်တွေကို နှစ်ဦးစလုံးက အလေးပေး ပြောကြားခဲ့ပါတယ်” ဟု အစည်းအဝေးအပြီးတွင် အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာ က ပြောသည်။
ဖိလစ်ပိုင်နှင့်တရုတ်တို့သည် ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုကြောင့် တင်းမာလျက်ရှိသည်။