အမေရိကန် ဒုသမ္မတ ကမ်မလာ ဟဲရစ်သည် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ရန် အလားအလာများသွားပြီးနောက် ဟဲရစ် ကမ်ပိန်း မှ ပထမသီတင်းပတ်အတွင်း ပါတီအတွက် ရွေးကောက်ပွဲအလှူငွေ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ရရှိခဲ့ကြောင်း သိရသည်။
၎င်းအပြင် မဲဆွယ်စည်းရုံးခြင်းအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ကြိုးပမ်းမှုများတွင် ဟဲရစ် ကမ်ပိန်း ကို ကူညီရန် စေတနာ့ဝန်ထမ်း ၁၇၀,၀၀၀ ကျော်လည်း စာရင်းသွင်းထားပြီးဖြစ်ကြောင်း သိရသည်။
“ ကျနော်တို့ စတင်ပြီး တစ်ပတ်အတွင်း ကမ်မလာ ဟဲရစ် ကမ်ပိန်းကနေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ စုဆောင်းနိုင်ခဲ့ပါတယ်။ အဲဒီထဲက ၆၆ ရာခိုင်နှုန်းက အလှူရှင်အသစ်ဆီက ရတာပါ။ စေတနာ့ဝန်ထမ်းအသစ် ၁၇၀,၀၀၀ ကလည်း ကျတော်တို့ဆီမှာ စာရင်းသွင်းထားပြီးပါပြီ” ဟု ဟဲရစ် ၏ လက်ထောက်မဲဆွယ်စည်းရုံးရေးမန်နေဂျာ Rob Flaherty က X တွင် ရေးသားထားသည်။ .
ဟဲရစ် သည် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် အများစုထံမှ ထောက်ခံမှု ရရှိထားပြီး သြဂုတ်လအတွင်း ကျင်းပမည့် ဒီမိုကရက်တစ်ပါတီ ညီလာခံ တွင် ပါတီ၏ သမ္မတလောင်းအဖြစ် လျာထားခံရရန် ကျိန်းသေပေါက် အခြေအနေ၌ ရှိနေသည်။
“ ဒါကြောင့် ကျတော်တို့ရဲ့ ဒုသမ္မတဟာ ခန့်မှန်းခြေ လျာထားခံရသူပါ”ဟု ဒီမိုကရက်တစ်ပါတီ ညီလာခံကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ Jaime Harrison က ဇူလိုင် ၂၈ရက် တွင် ပြောကြားခဲ့သည်။
ဟဲရစ်သည် အမေရိကန်ဒုသမ္မတအဖြစ် လက်ရှိတွင် တာဝန်ထမ်းဆောင်နေသည့် တောင်အာရှနွယ်ဖွား ပထမဆုံး လူမည်း အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။